October 26
ယူကရိန်းအား ထောက်ပံ့ရန်နှင့် တရုတ်အား ရင်ဆိုင်ရာ၌ အတူတကွ ပူးပေါင်းလုပ်ဆောင်သွားရန် အင်္ဂါနေ့က ဆွေးနွေးမှု၌ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်နှင့် ဗြိတိန်ဝန်ကြီးချုပ်သစ် ရစ်ရှီ ဆူနက်တို့က သဘောတူခဲ့ကြောင်း အိမ်ဖြူတော်က ပြောသည်။
၄၉ ရက်သာ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ပြီး လစ်ဇ် ထရပ်စ်က ရာထူးမှ နုတ်ထွက်သွားပြီးနောက်တွင် ဆူနက်သည် စီးပွားရေးကို အကျပ်အတည်းကို ဆက်ခံရကာ ယခုနှစ်အတွင်း ဗြိတိန်နိုင်ငံ၏ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာပြီး နာရီပိုင်းအတွင်း ပထမဆုံးအဖြစ် ၎င်းတို့နှစ်ဦးက စကားပြောဆိုကြခြင်းဖြစ်သည်။
ခေါင်းဆောင်နှစ်ဦးသည် အမေရိကန်နှင့် ဗြိတိန်ကြား ရှိထားသည့် “အထူးဆက်ဆံရေး” ကို ထပ်လောင်းအတည်ပြုပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် သာယာဝပြောရေးကို အတူတကွ ဖော်ဆောင်သွားရန် ပြောဆိုခဲ့ကြကြောင်း အိမ်ဖြူတော် ထုတ်ပြန်ချက်၌ ဖော်ပြသည်။
“ခေါင်းဆောင်တွေဟာ ယူကရိန်းကို ထောက်ပံ့ဖို့နဲ့ ရန်လိုကျူးကျော်မှုအတွက် ရုရှကို တာဝန်ခံစေဖို့ အတူတကွ လုပ်ဆောင်သွားမယ့် အရေးကြီးတဲ့အရာတွေမှာ သဘောတူကြတယ်”ဟု အနောက်အုပ်စု ထောက်ခံသော အိမ်နီးချင်း ယူကရိန်းအား ဖေဖော်ဝါရီလအတွင်း ရုရှ၏ ကျူးကျော်မှုကြောင့် ပေါ်ပေါက်သော စစ်ပွဲအကြောင်းနှင့် ပတ်သက်ပြီး ပြောဆိုခဲ့ကြောင်း ယင်း ထုတ်ပြန်ချက်က ဆိုသည်။
“တရုတ်ကြောင့် ဖြစ်ပေါ်နေသော စိန်ခေါ်မှုများအား ကိုင်တွယ်ဖြေရှင်းရေး” ကိုလည်း ဘိုင်ဒင်နှင့် ဆူနက်တို့က သဘောတူကြသည်ဟု အိမ်ဖြူတော်က ပြောသည်။ ယနေ့ ကမ္ဘာ့စင်မြင့်၌ တရုတ်နိုင်ငံကို ပထဝီနိုင်ငံရေးနှင့် စီးပွားရေး ထပ်တန်းပြိုင်ဘက်အဖြစ် အမေရိကန်က သတ်မှတ်ထားသည်။
ခေါင်းဆောင်နှစ်ဦး၏ ပထမဆုံးအကြိမ် ဖုန်းပြောဆိုမှုကို ဒေါင်းနင်းလမ်းကလည်း ထုတ်ပြန်ရာတွင် ၎င်းတို့သည် “ဗြိတိန်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရေး၊ နှစ်နိုင်ငံ အပြန်အလှန်အပြင် အင်ဒို-ပစိဖိတ်ကဲ့သို့သော ဒေသများအရေး၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး” တို့ကို ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြသည်။
အင်္ဂါနေ့ အစောပိုင်း၌ ဂျိူး ဘိုင်ဒင်သည် ဆူနက်အား တွစ်တာ၌ ဂုဏ်ပြုရေးသားခဲ့သည်။
အဖြစ် ဗြိတိန်နိုင်ငံ၏ ပထမဆုံး လူဖြူမဟုတ်သည့် ဝန်ကြီးချုပ် ဆူနက်သည် “အလွန်အံ့အားသင့်ဖွယ်ရာ မှတ်တိုင်တစ်ရပ်” ပဲဟု ဂျိူး ဘိုင်ဒင်က တနင်္လာနေ့၌ ရည်ညွှန်းပြောဆိုခဲ့သည်။
(မိုးသဲ ဘာသာပြန်သည်။)