ဆိုင်ကလုန်းမုန်တိုင်းစီတရန်ကြောင့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်း IDP စခန်းတွင် ကျပ်သိန်းပေါင်း ၄,၀၀၀ ကျော် ဆုံးရှုံး

ဆိုင်ကလုန်းမုန်တိုင်းစီတရန်ကြောင့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်း IDP စခန်းတွင် ကျပ်သိန်းပေါင်း ၄,၀၀၀ ကျော် ဆုံးရှုံး

အောက်တိုဘာလ ၂၅ ရက်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပုဏ္ဏားကြီးအုပ်စု၊ ငှက်ချောင်း IDP ရိုဟင်ဂျာစခန်းတွင် အောက်တိုဘာလ ၂၄ ရက်နေ့က ဆိုင်ကလုန်းမုန်တိုင်း “စီတရန် (SITRAN)” ကြောင့် ငွေကျပ်သိန်းပေါင်း လေးထောင်ကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ငှက်ချောင်း IDP ရိုဟင်ဂျာစခန်းတွင် ကမ်းထိန်းနံရံများ ကျိုးပျက် ကာ ရေကြီးလာသည့်အတွက် စခန်းရှိ နေအိမ်များ၊ ငါး၊ ပုစွန်မွေးမြူရေးကန်များနှင့် လယ်ဧက ထောင်နှင့် ချီပျက်စီးခဲ့ပြီး သိန်းပေါင်းထောင်ချီဆုံးရှုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ည ၉ နာရီခန့်တွင် ငှက်ချောင်း IDP စခန်းဖက်ရှိ ကမ်းထိန်းနံရံကို ကျော်လွန်ကာ ရေလေးပေအထိမြင့် တက်လာခြင်းကြောင့် စခန်းရှိ ရိက္ခာနှင့် ငါး၊ ပုစွန်မွေးမြူရေးကန်များ ဆုံရှုံးခဲ့ခြင်းဖြစ်သည်။

“မနေ့ညက ၉ နာရီလောက်မှာ ရေတက်တော့ IDP မှာ ခိုလှုံကြတဲ့ လူတွေမှာက ရိက္ခာတွေနဲ့ အခြား အရာတွေဆုံးရှုံးသွားတယ်။ နောက်ပြီး စီပွားရေးသမားတွေမှာလည်း ပုစွန်ကန်တွေဘာတွေပျက်စီးသွား တယ်။ နောက်ပြီး လယ်ယာစိုက်ပျိုးရေးစပါးတွေလုပ်တာတွေလည်း အကုန်ပျက်စီးသွားပါတယ်။ မုန်တိုင်းကြောင့် ဆားငံရေတွေတက်ပြီးတော့ ပျက်စီးသွားတာပါ။ ကမ်နားဖက်က နေအိမ်တွေလည်း ပျက်စီးသွားပါတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ငှက်ချောင်း IDP စခန်းရှိ ရိုဟင်ဂျာများမှာ ၂၀၁၂ ခုနှစ် အရေးအခင်းမှစ၍ အာဏာပိုင်များက အဆိုပါ နေရာသို့ရွှေ့ပြောင်းထားသည့်အတွက် အိမ်ထောင်စု ၁,၀၀၀ ခန့် နှင့် လူဦးရေ ၅,၀၀၀ ကျော်ခန့် ဒုက္ခသည် များအဖြစ် နေထိုင်နေရခြင်းဖြစ်သည်။

အနီးအနားရှိ ရခိုင်ကျေးရွာများမှ ရခိုင်လူမျိုးများပိုင်ဆိုင်သည့် မွေးမြူရေးကန်များကို Camp တွင် နေထိုင် သူများဖြစ်သည့် ရိုဟင်ဂျာများမှ ငှားရမ်းလုပ်ကိုင်သူများရှိသည်။ အချို့ IDP Camp တွင် နေထိုင်သူ ရိုဟင်ဂျာများအနေဖြင့်လည်း ကိုယ်ပိုင်မွေးမြူရေးကန်ပိုင်ဆိုင်သူများရှိပြီး ငါး၊ ပုစွန် မွေးမြူရေးကန် ၅၀ ကျော်နှင့် လယ်ဧကထောင်နှင့်ချီ ဆားငံရေများဝင်ရောက်သွားသည့်အတွက် ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ငှက်ချောင်း IDP စခန်းတာဝန်ခံထံက သိရသည်။

“စပါးစိုက်ထားတာက လယ်ဧက ၁,၀၀၀ လောက်ရှိတယ်။ ပုဇွန်မွေးမြူးရေကန်က ကန် ၅၀ လောက် ပျက်စီးသွားတယ်။ ငါးမွေးမြူရေးကန်တစ်ကန်က သိန်း ၃၀၀၊ ၄၀၀ လောက် တန်ဖိုးရှိပါတယ်။ အဲဒါတွေ ဆုံးရှုံးသွားတော့ စုစုပေါင်း သိန်းပေါင်း ၄,၀၀၀ ၊ ၅,၀၀၀ လောက်တောင် ဆုံးရှုံးသွားတာပါ ”ဟု စခန်း တာဝန်ခံ ဦးလှရွှေက ပြောသည်။

ငှက်ချောင်း IDP စခန်းသို WFP မှ စားနပ်ရိက္ခာနှင့် ICRC မှ လောင်စာတို့ကို တစ်လတစ်ကြိမ်နှုန်းဖြင့် ထောက်ပံ့နေမှုများရှိသည်။

လမကုန်သေးသည့်အချိန်တွင် ရေကြီး၍ ရိက္ခာများပျက်စီးသွားသည့်အတွက် IDP Camp တွင် နေထိုင်သူ များအနေဖြင့် စားဝတ်နေရေးအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်းလည်း သိရသည်။

နေအိမ် ၁,၀၀၀ ကျော်ခန့်နှင့် လူဦးရေ ၅,၀၀၀ ကျော်ရှိသည့် ငှက်ချောင်း IDP Camp တွင် မုန်တိုင်းကြောင့် အိမ်ခြေ ၃၀၀ ကျော်အထိ ပျက်စီဆုံးရှုံးခဲ့ကြောင်းသိရသည်။ နေအိမ်ပျက်စီးသွားသူများသည် လက်ရှိတွင် စာသင်ကျောင်းများ၌ ဝင်ရောက်ခိုလှုံနေကြပြီး စစ်ကောင်စီ၏ ထောက်ပံ့မှုများ မရရှိသေးပေ။

အောက်တိုဘာလ ၂၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ နေရာ အများအပြားတွင် လေပြင်းများတိုက်ခတ်ခြင်း၊ ရေကြီးခြင်းများဖြစ်ပေါ်ခဲ့ပြီး ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာတွင်လည်း နေအိမ်များနှင့် စက်လှေများ ပျက်စီးဆုံးရှုံးခဲ့သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly