ဖားကန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင်ထံသို့ KIO ခေါင်းဆောင် အသိပေး

ဖားကန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင်ထံသို့ KIO ခေါင်းဆောင် အသိပေး

အောက်တိုဘာလ ၂၅ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ KIO ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့ ရက်စွဲဖြင့် အသိပေးစကား ဆိုခဲ့သည်။

စစ်ခေါင်းဆောင်ထံသို့ အသိပေးစကားဆိုထားသည့် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်၏ စာတွင် “ဝမ်းနည်းကြေကွဲမှုနှင့် မျက်ရည်များဟာ တန်ဖိုးမဖြတ်နိုင်သည့် ရင်းနှီးမှုများ ဖြစ်လာမှာပါ” ဟု ပါရှိသည်။

ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က အနန့်ပါသည် KIA စစ်စခန်း မဟုတ်ဘဲ ခရီးသွားများ ခေတ္တနားကြသော ဈေးဆိုင်တန်း စခန်းငယ်လေးသာ ဖြစ်ကြောင်း ဓာတ်ပုံများနှင့်အတူ ဖော်ပြခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများအားလုံး ကောင်းရာဘုံဘဝသို့ ရောက်ရှိကြပါစေကြောင်းနှင့် ထိခိုက်ဒဏ်ရာရှိသူများအား ဆုတောင်းမေတ္တာပို့သခဲ့ပြီး ကျန်ရစ်သူ မိသားစုများအနှင့်အတူ ကြေကွဲ ဝမ်းနည်းရသည်ဟု ဆိုထားသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါတွင် အောက်တိုဘာ ၂၃ရက် ညပိုင်းက (၆၂) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (Kachin Independence Organization-KIO) အထိမ်းအမှတ်နေ့ အကြိုဂီတဖျော်ဖြေမှု ကျင်းပနေစဉ် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဒေသခံပြည်သူလူထုများ ၊ အနုပညာရှင်များ ၊ KIA အရာရှိ/ရဲဘော်များနှင့် ကချင်အဆိုတော်များ စုစုပေါင်း ၆၀ ကျော်ခန့် အစုအလိုက်အပြုံလိုက် ထိခိုက် သေဆုံးမှုဖြစ်ပွားခဲ့သည်။

ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် KIO ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က လူငယ်များကို အခွင့်ကြုံတိုင်း “ ဘဝမှာပြုပြင်လို့ မရနိုင်မည့်အမှားများ မလုပ်မိဖို့…..” ပြောလေ့ရှိပေမယ့် ဒီလိုအမှားများအား လုပ်သူများသည် လူကြီးများသာ ဖြစ်နေကြောင်း ဆိုထားသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly