ကော့ကရိတ်မြို့ ခလရ(၉၇)က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂ဦးလက်နက်ကြီးစထိမှန်၊ အာရှကားလမ်းမတွင် ကုန်ကား၂စီးမီးရှို့ခံရ

ကော့ကရိတ်မြို့ ခလရ(၉၇)က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂ဦးလက်နက်ကြီးစထိမှန်၊ အာရှကားလမ်းမတွင် ကုန်ကား၂စီးမီးရှို့ခံရ

အောက်တိုဘာလ ၂၅ ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ တပ်ရင်း ခလရ(၉၇)မှ ယနေ့ နေ့လယ် ၃နာရီဝန်းကျင်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်စရစ်ကျေးရွာ ရွှေကြက်မင်း ဘုန်းကြီးကျောင်းအောက်သို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ကြောင်းသိရသည်။

ယင်းလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံနှစ်ဦး လက်နက်ကြီးကျည်စထိမှန်ကာ ဆေးရုံကို ပို့ဆောင်ကုသနေရကြောင်း သိရသည်။

“ ခလရ(၉၇)တပ်ကနေ သုံးလုံးပစ်တာပါ၊ ကျောက်စရစ်ကျေးရွာကို ထိပါတယ်၊ သူတို့ရမ်းသန်းပစ်တာပါ၊ အခုတော့ လက်နက်ကြီးသံ မကြားရသေးဘူး ခနငြိမ်နေပါတယ်”ဟု ဒေသခံတစ်ဦးမှ ပြောသည်။

ထို့အပြင် ကော့ကရိတ်အထွက် အာရှလမ်းမကြီး မြဝတီတောင်တက်လမ်းတွင် စစ်ကောင်စီနှင့် KNU, PDFပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး ကုန်ကားနှစ်စီး မီးရှို့ခံထားရကြောင်း သိရသည်။

“ညနေ ၃နာရီခွဲလောက်မှာ တိုက်ပွဲစဖြစ်တာ မြဝတီတောင်တက်လမ်းမှာ ကုန်ကားနှစ်စီး မီးရှို့ခံထားရတယ်၊ ကားတစ်စီးက အဲကွန်းတွေတင်တဲ့ကားလို့သိထားတယ်၊ အခု ကားတွေနောက်ပြန်ဆုတ်နေကျတယ်၊ တချို့ကလည်း အခြေနေကြည့်နေကြတယ်”ဟု ခရီးသွားပြည်သူတစ်ဦးမှ ပြောသည်။

ညနေ ၄နာရီ အချိန်က ကျုံဒိုးမြို့မှ ကော့ကရိတ်မြို့သို့ ၁၂ဘီးကုန်ကားဖြင့် စစ်ကောင်စီတပ်မှ အင်အားအများအပြား တက်လာကြောင်း ဒေသခံများမှ ပြောသည်။

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာများနှင့် တပ်ရင်း ခလရ(၉၇)ကို ကော်သူးလေတပ်မတော်(KTLA), KNU, PDF, Droneတပ်ဖွဲ့တို့မှ အောက်တိုဘာ၂၁ရက်နေ့မှ စတင်ပြီး ယနေ့အောက်တိုဘာ၂၅ရက်နေ့အထိ ငါးရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

ယင်းတိုက်ပွဲများကြောင့် အရပ်သား ခြောက်ဦးသေဆုံးကာ အယောက် ၃၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံ ၃,၀၀၀ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly