ကော့ကရိတ်မြို့တိုက်ပွဲကြောင့် ရပ်ကွက်အချို့ နေအိမ်စွန့်ခွာထွက်ပြေးနေရပြီး အစားအသောက်နှင့် ဆေးဝါးများ အထူးလိုအပ်နေ

ကော့ကရိတ်မြို့တိုက်ပွဲကြောင့် ရပ်ကွက်အချို့ နေအိမ်စွန့်ခွာထွက်ပြေးနေရပြီး အစားအသောက်နှင့် ဆေးဝါးများ အထူးလိုအပ်နေ

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်နှင့် KTLA, KLNA, PDFပူးပေါင်းတပ်တို့ အောက်တိုဘာ၂၁ရက်နေ့မှစတင်ပြီး လေးရက်ကြာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ကူနှင့် ဝေဟင်တိုက်ခိုက်မှုကြောင့် ဒေသခံအများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လူဝန်မှုကြီးကြပ်ရေးဌာန၊ ထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ပြည်ထဲရေးဌာန၊မြေတိုင်းရုံးနှင့် တရားရုံး စသည့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများရှိသည့် ရပ်ကွက်များမှ ဒေသခံပြည်သူများသည် ယနေ့နံနက်မှ စတင်ပြီး အိုးအိမ်စွန့်ခွာထွက်ပြေးနေကြကြောင်းသိရသည်။

“ အမှတ်(၇)ရပ်ကွက်နဲ့ အမှတ်(၃)ရပ်ကွက်က သူတွေ ထွက်ပြေးသွားပြီး တစ်အိမ်လုံးထွက်ပြေးရတာ နေ့လယ်၂နာရီလောက်က ပစ်ကြသေးတယ်၊ အခုတော့ ခဏငြိမ်နေကျတယ်၊ တခြားရပ်ကွက်တွေလည်း ပြေးတဲ့သူတွေ ပြေးနေကျတယ်၊ ရန်ကုန်ကို ပြေးတဲ့သူတွေရှိသလို ဘားအံဖက်လည်း သွားကြတယ်၊ ရွာတွေမှာလည်း သွားနေလို့မရဘူး၊ သူတို့ဆီကိုလည်း လက်နက်ကြီးတွေ ကျတယ်ပြောတယ်”ဟု ကော့ကရိတ်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ဘေးလွတ်ရာကို ထွက်ပြေးနေကျရသည့်သူများသည် အစားအသောက်နှင့် ဆေးဝါးများ အထူးလိုအပ်နေသလို ကျန်းမာရေးစောင့်ရှောက်မှုလည်း လိုအပ်နေကြောင်းသိရသည်။ ကျေးရွာအချို့ကို KNUမှ ကြိုတင်ရှောင်ခိုင်းခြင်းကြောင့် တိုက်ပွဲမဖြစ်မီ တစ်ရက်အလိုတွင် ရှောင်နေခဲ့ရသူများလည်း ရှိသည်။

“တိုက်ပွဲဖြစ်တဲ့နေ့က ရွာထဲက အိမ်ကို လက်နက်ကြီးတစ်လုံးကျတယ်၊ အဲ့နေ့က ရွာပတ်လည်ကို လက်နက်ကြီးကျတယ်၊ အလုံး ၁၀၀ကျော်မယ် သတင်းကြိုသိလိုက်လို့ ရှောင်လိုက်တာ၊ မရှောင်ထားရင် လူထိမှာ အဲ့နေ့က၊ ညဆိုရင် ပစ်ပြီ ညတိုင်းပစ်နေတာ၊ တိုက်ပွဲစဖြစ်တဲ့နေ့က ကျမတို့ လှိုင်ကွယ်ရွာကနေ တောင်ကြားအင်းအထိ လမ်းမှာ စစ်တပ်က ကောင်တွေသေနေတာ မြင်မကောင်းဘူး၊ ဒီနေ့အထိ ဒီအတိုင်းပဲ၊ အနံ့တွေတောင် ထွက်နေတယ် မြင်မကောင်ဘူး၊ ဘယ်သူမှလည်း သွားမကောက်ရဲကြဘူး”ဟု လှိုင်ကွယ်ကျေးရွာနေ ဒေသခံတစ်ဦးမှ ပြောသည်။

လှိုင်ကွယ်ကျေးရွာသည် ကော့ကရိတ်မြို့နှင့် ရှစ်မိုင်သာကွာဝေးသော ကျေးရွာဖြစ်သည်။ ယင်းကျေးရွာတွင် စစ်ဘေးရှောင်ပြည်သူအယောက် ၅၀ကျော်ရှိကာ အစားအသောက်နှင့် ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်တွင် ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများတို့ပါ လက်နက်ကြီးနှင့် လေယာဉ်မှပစ်ခတ်သောလက်နက်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုရှိခဲ့ခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူအချို့သည် အဆောက်အဦနှင့် လွတ်ကင်းရာနေရာများကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ကော့ကရိတ်တိုက်ပွဲ လေးရက်မြောက်နေ့တွင် တိုက်ပွဲကြောင့် ဒေသခံပြည်သူ ခြောက်ဦးသေဆုံးကာ အယောက် ၃၀နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် ဗိုလ်ကျော်သက်၊ ဗျူဟာမှူး စောအယ်ဆေးဝါး ဦးဆောင်သော Lion Battalion ဗျူဟာစစ်ကြောင်း၊ ကော်သူးလေတပ်မတော်(KTLA) ၊ KNLA ၊ ကျားဖြူ စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ Eagle Brigade ၊ Black Panther Colum ၊ KNLA တပ်ရင်း (၁၈) ၊ Angry Bird Drone အဖွဲ့၊ ARMS Drone အဖွဲ့နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြင်းထန်တိုက်ပွဲ ဖြစ်ပွားနေသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required