ဖားကန့်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့မှုအပေါ် CJDC အပြင်းအထန် ကန့်ကွက်ရှုတ်ချ

ဖားကန့်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့မှုအပေါ် CJDC အပြင်းအထန် ကန့်ကွက်ရှုတ်ချ

မဇ္ဈိမ။ ။ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ဒါတွင် စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ဒေသခံပြည်သူများ၊ အနုပညာရှင်များ၊ KIA အရာရှိ/ရဲဘော်များနှင့် ကချင်အဆိုတော်များ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရခြင်းအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ချင်းလဲန်း ပူးပေါင်းကာကွယ်ရေး ကော်မတီ(CJDC)မှ ယမန်နေ့ အောက်တိုဘာလ ၂၄ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာလ ၂၃ရက် ည ၉နာရီ ၃၀မိနစ်ဝန်းကျင်၌ (၆၂)နှစ်မြောက် ကချင် လွတ်လပ်ရေးအဖွဲ့ချုပ် Kachin Independence Organization (KIO) အထိမ်းအမှတ်နေ့ အကြိုဂီတဖျော်ဖြေမှု ကျင်းပပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဒေသခံပြည်သူလူထုများ ၊ အနုပညာရှင်များ ၊ KIA အရာရှိ/ရဲဘော်များနှင့် ကချင်အဆိုတော်များ (ခန့်မှန်းခြေ ၇၀သေဆုံး ၁၀၀ဒဏ်ရာရ) အစုအလိုက်အပြုံလိုက် ထိခိုက်သေဆုံးရကြောင်း ကြားသိရသဖြင့် KIO/KIA အပါအဝင် ကချင်ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ထပ်တူဝမ်းနည်းရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အပြစ်မဲ့ အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုများနှင့် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းအပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး ဒဏ်ရာရရှိသူများအတွက် အမြန်ဆုံးဆေးကုသရေး ကူညီဆောင်ရွက်ရန် လေးနက်စွာတိုက်တွန်းကြောင်း ဆိုထားသည်။

အဆိုပါဖြစ်ရပ်အတွက် ကချင်ပြည်သူလူထုနှင့် ကျန်ရစ်သော မိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်းနှင့် ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) အနေဖြင့် ထိုက်သင့်သော တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အရေးနိမ့်လာသော အကြမ်းဖက်စစ်ကောင်စီသည် လက်နက်အားကိုးပြီး သရဲဘောကြောင်သည့်လုပ်ရပ်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်များ ဖျက်ဆီးခြင်း ၊ ခိုးယူခြင်း ၊ လုယက်သတ်ဖြတ်ခြင်း ၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်း၊ ဘာသာရေးအဆောက်အအုံများဖျက်ဆီးခြင်း ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း စသော စစ်ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေကြောင်းလည်း CJDC က ဆိုထားသည်။

ချင်းလဲန်း ပူးပေါင်းကာကွယ်ရေး ကော်မတီ(CJDC) သည် ချင်းအမျိုးသားတပ်ဦး(CNF/CNA) နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) များအပါအဝင် ချင်းလက်နက်ကိုင်တပ်ဖွဲ့ ၁၈ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် အဖွဲ့အစည်း ဖြစ်သည်။

အလားတူ စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုအပေါ် ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF – Mindat ၊ ချင်းအမျိုးသားအဖွဲ့ချုပ်/တပ်မတော် (CNO/CNDF) ၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ၊ ဇိုးမီးဖက်ဒရယ်အစည်းအရုံး ZFU/PDF Zoland ၊ ချင်းကာကွယ်ရေးတပ်ဖွဲ (တွန်းဇံ) CDF – Tonzang နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ကောင်စီတို့မှ လည်း ယခုဖြစ်ရပ်အပေါ် ရက်စက်ယုတ်မာသော လုပ်ရပ်အဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာရှုတ်ချကြောင်း ၊ ကျန်ရစ်သော မိသားစုများနှင့်အတူ ဝမ်းနည်းကြောင်းနှင့် စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ တော်လှန်ရေးအား ဆုံးခန်းတိုင်အောင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသီးသီးထုတ်ပြန်ကြေညာခဲ့သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required