KIOနေ့ အထိမ်းအမှတ်ပွဲ ကျင်းပနေစဉ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူအများအပြား သေဆုံးမှုအပေါ် KTLA မှ ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်

KIOနေ့ အထိမ်းအမှတ်ပွဲ ကျင်းပနေစဉ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူအများအပြား သေဆုံးမှုအပေါ် KTLA မှ ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ဖားကန့်မြို့ KIAတပ်မဟာ(၉)နယ်မြေ (အနန့်ပါ)တွင် အောက်တိုဘာလ၂၃ရက်နေ့က KIOနေ့ အထိမ်းအမှတ်ပွဲ ကျင်းပနေစဉ်အတွင်း အကြမ်းဖက်စစ်ကောင်စီမှ ဂျက်လေယာဉ် သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပွဲအတွင်းရောက်ရှိနေသော ပြည်သူနှင့်အနုပညာရှင်များ ထိခိုက်သေဆုံးမှုများနှင့် ဒဏ်ရာရရှိမှု အများအပြားဖြစ်ပေါ်ခဲ့ကြောင်း စိတ်မကောင်းဖွယ်ရာ ကြားသိရပြီး ယခုကဲ့သို့ အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူများအပေါ် ရန်သူသဖွယ် ပစ်မှတ်ထားတိုက်ခိုက်နေမှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိမှုများအပေါ်တွင် မိမိတို့ ကော်သူးလေတပ်မတော်မှ ဆုံးရှုံးနစ်နာခဲ့ရသော မိသားစုများနှင့်အတူ ထပ်တူဝမ်းနည်းမိကြောင်း ကော်သူးလေတပ်မတော်(KTLA)မှ အောက်တိုဘာ၂၄ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အရပ်သားပြည်သူများအပေါ် လူသားဆန်မှုအလျဉ်းမရှိဘဲ အစုလိုက်၊အပြုံလိုက် ပြင်းထန်ရက်စက်စွာတိုက်ခိုက်သော အကြမ်းဖက်စစ်ကောင်စီ၏ အပြုအမှုကို မိမိတို့ ကော်သူးလေတပ်မတော်မှ အပြင်းအထန် ရှုတ်ချကြောင်းနှင့် အကြမ်းဖက် ဖက်ဆစ်စစ်တပ်အား အမြစ်ပြတ်သည်အထိ တွန်းလှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကော်သူးလေတပ်မတော်မှ ပြည်သူများသို့ ကတိသစ္စာပြုအပ်သည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အောက်တိုဘာလ ၂၃ ရက် ည ၈ နာရီ ၄၀ မိနစ်က ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါကျေးရွာတွင် KIO နေ့အထိမ်းအမှတ်ပြုလုပ်နေစဉ် စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အနည်းဆုံး လူ ဦးရေ ၅၀ ကျော် သေဆုံးခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required