ဟင်္သာတမြို့တွင် မီးပုံမှန်မလာသော်လည်း မီတာခများကို ပုံမှန်ထက် ၂ဆတိုး ကောက်ခံနေ

ဟင်္သာတမြို့တွင် မီးပုံမှန်မလာသော်လည်း မီတာခများကို ပုံမှန်ထက် ၂ဆတိုး ကောက်ခံနေ

မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် သြဂုတ်လမှ စတင်ကာ စစ်ကောင်စီလက်ပါးစေ လျှစ်စစ်ရုံးဝန်ထမ်းများက ပုံမှန်ထက် ပိုမိုများပြားသည့် မီတာခများ တိုးမြှင့်ကောက်ခံနေသည်ဟု ဒေသခံများထံက သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မီးပုံမှန်မလာသော်လည်း ပုံမှန်အိမ်သုံး လျှပ်စစ်မီတာခများကိုပင် နှစ်ဆတိုးကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းအပြင် မီတာမဆောင်သည့် အိမ်များမှ လျှပ်စစ်မီတာများကို ဖြုတ်သိမ်းခြင်းများနှင့်၊ မီးဖြတ်တောက်ခြင်းများကို လျှပ်စစ်ရုံးဝန်ထမ်းများကပြုလုပ်နေကြောင်း ဒေသခံကဆိုသည်။

"ကျွန်တော့်အိမ်ဆိုရင် ဖန်ချောင်းလောက်ပဲသုံးတော့ အရင်ကဆို ငါးထောင်ကျော်လောက်ပဲ မီတာခကျတယ်။ အခုတစ်သောင်းကျော် ဆောင်နေရတယ်။ ကျွန်တော့် အဒေါ်အိမ်နဲ့ တခြားအိမ်တွေလည်း အဲ့ဒီလိုပဲဗျ၊ အရင်တစ်သောင်းကျော်လောက် မီတာဆောင်နေရတဲ့အိမ်တွေ၊ အခု နှစ်သောင်းကျော်ဆောင်နေရတယ်။ မီးမလာဘဲ ယူနစ်တွေပို တက်လာတာလည်း တွေ့ရတယ်"ဟု ၎င်းကဆိုသည်။

ထို့သို့ ပုံမှန်ထက်ပိုမိုများပြားသော မီတာခများကို တိုးမြှင့်ကောက်ခံနေသည့် လျှပ်စစ်ရုံးဝန်ထမ်းများက မီတာမဆောင်သည့် နေအိမ်များအား ဥပဒေအရ အရေးယူမည်ဟု ခြိမ်းခြောက်မှုများလည်း ပြုလုပ်နေသည်ဟု ဒေသခံကဆက်လက်ပြောသည်။

ဧရာဝတီတိုင်းတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဟင်္သာတမြို့အပါအဝင် အခြားမြို့နယ်များအားလုံး၌ တစ်နေ့လျှင် ငါးနာရီခန့်သာ လျှပ်စစ်မီးရရှိနေသည်ဟု သက်ဆိုင်ရာမြို့နယ်များရှိ ဒေသခံများ၏ပြောကြားချက်အရသိရသည်။

ဟင်္သာတမြို့ ၊ရုံးကြီးအရပ်၊ ရဲဖြတ်လမ်းရှိ လျှပ်စစ်ရုံးတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် မီတာခ ပေးဆောင်သူ နည်းပါးခဲ့သော်လည်း လက်ရှိတွင် လျှပ်စစ်မီတာခ ပေးဆောင်သူအများအပြားရှိနေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required