ပုလောမြို့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်ပြီး နေအိမ်ပျက်စီး

ပုလောမြို့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်ပြီး နေအိမ်ပျက်စီး

မဇ္ဈိမ ။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ် ကဒဲကျေးရွာ အုပ်စု၊ ပ၀တ်ကုန်းကျေးရွာရှိ တောင်ကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်နေ့ ညပိုင်းတွင် လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး ထိခိုက် ဒဏ်ရာရကာ နေအိမ် တစ်လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကဒဲကျေးရွာအုပ်စု ပဝတ်ကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာလ ၂၄ ရက်နေ့ ည ၁၁ နာရီ ဝန်းကျင် အချိန်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ကဒဲကျေးရွာနေ ဒေသခံ အမျိုးသား တစ်ဦး ခြေကို လက်နက်ကြီး ထိမှန်ခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ပုလော ဒေသခံ တစ်ဦးက“ဘာတိုက်ပွဲမှာ မဖြစ်ပါဘူး၊ စစ်တပ်က တောင်ကုန်းပေါ်မှာ တပ်စွဲထားတော့ လက်နက်ကြီးတွေ လျှောက်ပစ်တော့ လူတစ်ယောက် ထိတယ်၊ အိမ် တစ်လုံးလည်း ပျက်စီး သွားတယ်”ဟု ပြော သည်။

လက်ရှိတွင် လက်နက်ကြီး ထိမှန်ခဲ့သည့် ဒေသခံ အမျိုးသားသည် ခြေသလုံးတွင် ကြေမွထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်း စစ်ကောင်စီတပ်ဖွဲ့သည် ပဝတ်ကုန်းကျေးရွာ တောင်ပေါ်ရှိ ဘုန်းတော်ကြီး အနီးတွင် တပ်စွဲထားခြင်း ဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required