စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့်ဗုံးကြဲမှုဖြစ်ရပ်ကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်တင်သွားမည် ဟု KIO ထုတ်ပြန်

စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့်ဗုံးကြဲမှုဖြစ်ရပ်ကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်တင်သွားမည် ဟု KIO ထုတ်ပြန်

မဇ္ဈိမ။ ။စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူများနှင့် ကချင်လွတ်လပ်ရေး အဖွဲ့(KIO)အမှုထမ်းများ ထိခိုက်သေဆုံးခဲ့ရသည့်ဝမ်းနည်းဖွယ်ဖြစ်ရပ်ကို အာဏာရှင်တော်လှန်သည့် တော်လှန်ရေးခွန်အားအဖြစ်သို့ အရှိန်မြှင့်တင်သွားမည်ဟု KIO ဗဟိုကော်မတီက ယနေ့ အောက်တိုဘာလ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ(၉) နယ်မြေအတွင်းရှိ အနန့်ပါ ( A Nang Pa) ဒေသတွင်(၆၂)နှစ်မြောက် KIO နှစ်ပတ်လည်နေ့ကို ကြိုဆိုသည့်အစီအစဉ်များ ကျင်းပပြုလုပ်နေစဉ် အောက်တိုဘာလ ၂၃ ရက် ည ၈နာရီ ၃၀ မိနစ်အချိန်တွင် စစ်ကောင်စီတပ်က စစ်လေယာဉ်သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(၆၂) နှစ်မြောက် KIO ၏ နှစ်ပတ်လည်နေ့ ဂုဏ်ပြုပွဲဖြစ်မြောက်ရေးကော်မတီ၏ဖိတ်ကြားမှုကို တန်ဘိုး ထားကာပါဝင်တက်ရောက်သဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုတွင် အသက်ဆုံးရှုံးခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရရှိသွားသည့် အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်သားပြည်သူများအတွက် များစွာစိတ်မကောင်းဖြစ်ရပြီး အသက်ဆုံးရှုံးသွားကြသူများ၏ ကျန်ရစ်သူမိသားစုဝင်များ၊ ဆွေမျိုးသားချင်းများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ ရက်စက်ကြမ်းကြုတ်သည့် ရွံရှာဖွယ်လုပ်ရပ်ကို ဖိနှိပ်ခံပြည်သူများ၏ သမိုင်းမှတ်ကျောက်အဖြစ် မှတ်တမ်းတင်ထားရန်လည်း KIO က တိုက်တွန်းထားသည်။

အနန့်ပါဒေသသည် KIA တပ်စခန်းမဟုတ်ဘဲ ခရီးသွားများ ခေတ္တခဏအနားယူကြသည့် စျေးဆိုင်တန်း စခန်းငယ်တစ်ခုဖြစ်သည်ကို စစ်ကောင်စီကသိရှိထားသော်လည်း လူအစုလိုက်အပြုံလိုက် သေစေရန် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု KIO မဟိုကော်မတီက ဆိုသည်။

လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် စွဲကိုင်ထားသော မြန်မာနိုင်ငံအစိုးရအဆက်ဆက်၏ ဖိနှိပ်ချုပ်ချယ် ထားသည့်ဘဝမှ ပြည်သူများလွတ်မြောက်ရန် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကို ဖွဲ့စည်းခဲ့သည်မှာ (၆၂) နှစ်ပြည့်ပြီဖြစ်ကြောင်းလည်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required