သမ္မတရှီကျင့်ဖျင်က အင်အားများစွာဖြင့် တတိယသမ္မတသက်တမ်းအတွက် အသင့်ပြင်ထား

သမ္မတရှီကျင့်ဖျင်က အင်အားများစွာဖြင့် တတိယသမ္မတသက်တမ်းအတွက် အသင့်ပြင်ထား

တရုတ်သမ္မတရှီကျင့်ဖျင်သည် ၎င်း၏မဟာမိတ်များအတွက် လမ်းရှင်းပေးရန် ထိပ်ပိုင်း ကွန်မြူနစ်ပါတီ ခေါင်းဆောင်များကို အငြိမ်းစားပေးလျက် အာဏာရရရှိရေးကို အာရုံစူးစိုက်ကာ မကြုံစဖူး တတိယသက်တမ်းကို စတင်ရန် အသင့်ပြင်ထားပြီဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ၅ နှစ်တစ်ကြိမ်ကျင်းပသည့် ပါတီညီလာခံသည် အောက်တိုဘာလ ၂၂ ရက်တွင် ပြီးဆုံးသွားပြီဖြစ်သည်။ ညီလာခံတွင် ပါတီ၏ အဓိကခေါင်းဆောင်အဖွဲ့ဖြစ်သည့် ဗဟိုကော်မတီကို အသစ် ဖွဲ့စည်းခဲ့သည်။ စာရင်းပါ ဗဟိုကော်မတီဝင် ၂၀၅ ဦးတွင် အမျိုးသမီး ၁၁ ဦးသာပါဝင်သည်။ ဗဟိုကော်မတီဝင်အဖွဲ့ဝင်သစ်တွင် ရှီ၏အမည်လည်း ပါဝင်ကြောင်း CNN က ဖော်ပြထားသည်။

အသစ်ဖွဲ့စည်းလိုက်သော ဗဟိုကော်မတီသည် ထိပ်ပိုင်းခေါင်းဆောင်အသစ်များကို ရွေးချယ်မည်ဖြစ်ကာ ရှီသည် အောက်တိုဘာ ၂၃ ရက်တွင် ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခံရမည်ဟု မျှော်လင့်ရသည်။

ရှီကျင့်ဖျင်ပြီးလျှင် အာဏာအရှိဆုံးဖြစ်သော တရုတ်ဝန်ကြီးချုပ် လီခေ့ချန်သည် ဗဟိုကော်မတီသစ်စာရင်းတွင် ပါဝင်မလာသောကြောင့် ပါတီမှ အနားယူမည့်အခြေအနေရှိနေသည်။ ညီလာခံပိတ်ပွဲအခမ်းအနားတွင် ကွန်မြူနစ်ပါတီသည် ထိုင်ဝမ်ကို မည်သည့်အခါကမျှ မအုပ်ချုပ်ဖူးသော်လည်း ၎င်းပိုင်နက်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု CNNက ဖော်ပြသည်။ ကွန်မြူနစ်ပါတီညီလာခံပိတ်ပွဲတွင် တရုတ်သမ္မတဟောင်း ဟူကျင်တောင်ကို ပေကျင်း Great Hall ခန်းမမှ လုံခြုံရေးများက ခေါ်ထုတ်သွားခဲ့သည်။ တရုတ်သမ္မတဟောင်းအား ထွက်ခွာစေခဲ့သည့်အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရဘဲ တရုတ်တွင် ထိုသို့သော ဖြစ်ရပ်မျိုးနှင့်ပတ်သက်၍ သတင်းထုတ်ပြန်လေ့မရှိပေ။

အောက်တိုဘာ ၂၃ ရက်တွင် အကြိမ် ၂၀ မြောက် ပါတီညီလာခံကျင်းပသည့် Great Hall ခန်းမ၌ ကွန်မြူနစ်ပါတီ၏ အမြဲတမ်းကော်မတီအဖွဲ့ဝင်များ ထွက်ပေါ်လာမည်ဖြစ်ပြီး စံချိန်ချိုးမည့် တတိယသက်တမ်းအတွက် ရှီကျင့်ဖျင်ကို အတည်ပြုမည်ဟု မျှော်လင့်ရကာ ဆယ်စုနှစ်များစွာအတွင်း တရုတ်၏အာဏာအရှိဆုံးခေါင်းဆောင်နေရာကို ရယူနိုင်လိမ့်မည်ဟု CNN တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly