ဟန်လင်းပျူမြို့ဟောင်းကို မီးရှို့သောစစ်တပ်အား ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်

ဟန်လင်းပျူမြို့ဟောင်းကို မီးရှို့သောစစ်တပ်အား ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းကို မီးရှို့သောစစ်ကောင်စီတပ်ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အကျအဆုံးများကြောင်း GZ Special Task Force အဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဟန်လင်းပျူမြို့ဟောင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ အနောက်ဘက်ကျေးရွာများကိုထွက်လာစဥ် ဟန်လင်းကျေးရွာအနောက်ဘက်၌ GZ Special Task Force နှင့် နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အနားကပ်မရတော့ အထိအခိုက်ကို မသိရဘူး။ လယ်ကွင်းထဲမှာတော့ အလောင်းတွေရှိတယ်ဆိုပြီး ဒေသခံတွေက ပြောတယ်။ မိုင်းဆွဲခံရပြီးတော့ အဲဒီစစ်ကြောင်းက ဟန်လင်းရွာထဲ ပြန်ဝင်သွားတယ် "ဟု GZ Special Task Force အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ဟန်လင်းပျူမြို့ဟောင်းကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၃ ရက်နေ့ ညနေပိုင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး အဖွဲ့နှစ်ဖွဲ့ခွဲကာ မွှေနှောက်နေကြောင်းဒေသခံများထံမှ သိရသည်။

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားဖြင့် စစ်ကြောင်းထိုးနေပြီး မုဆိုးခြုံရွာတွင် လည်း စစ်ကောင်စီတပ်က စစ်ကားသုံးစီးဖြင့်တပ်စွဲထားကြောင်း သိရသည်။ ထို့ပြင် လှတောရဲစခန်းတွင် လည်း စစ်ကောင်စီတပ်ကသံချပ်ကာ နှစ်စီးဖြင့် ယနေ့နံနက်က အင်အားထပ်တိုးထားကြောင်းသိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required