အာဖဂန်နစ္စတန်၌ ဟာဇာရာလူမျိုးစုဝင်များ လူမျိုးတုန်းသတ်ခံနေရသည်ဟုဆိုခြင်းကြောင့် ပါကစ္စတန်တွင် ဆန္ဒပြမှုများ ပေါ်ပေါက်

By The Print
20 October 2022
အာဖဂန်နစ္စတန်၌ ဟာဇာရာလူမျိုးစုဝင်များ လူမျိုးတုန်းသတ်ခံနေရသည်ဟုဆိုခြင်းကြောင့် ပါကစ္စတန်တွင် ဆန္ဒပြမှုများ ပေါ်ပေါက်

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် ဟာဇာရာ အစုအဖွဲ့ဝင် အမျိုးသမီးများနှင့် ကလေးများ ပါဝင်သည့် လူရာချီတို့သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်က စုဝေးဆန္ဒပြပွဲတစ်ခုကို စီစဉ် ပြုလုပ်ခဲ့ကြပြီး အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံ၌ ၎င်းတို့လူမျိုးစုဝင်များ လူမျိုးတုန်းသတ်ခံနေရကြောင်းနှင့် ထိုအခြေအနေအပေါ် ဆန့်ကျင်ကြောင်း ထုတ်ဖော်ခဲ့ကြသည်။

ပြီးခဲ့သည့်လက အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ပညာရေးစင်တာတစ်ခု၌ အသေခံ ဗုံးခွဲတိုက်ခိုက် ခံရမှုကြောင့် ကျောင်းသားအများစု အပါအဝင် လူ ၅၂ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ကို ဆန့်ကျင်လျက် ထိုဆန္ဒပြပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်သည် ၎င်းတို့ ဟာဇာရာ လူမျိုးစုဝင်များအပေါ် ပစ်မှတ်ထားဗုံးခွဲပြီး လူမျိုးတုန်းသတ်ခြင်းပင် ဖြစ်ကြောင်း ဆန္ဒပြသူများက ပြောသလို ၎င်းတို့အပေါ် အကြမ်းဖက်သည့် လုပ်ရပ်များ ချက်ချင်းရပ်ဆိုင်းရေး တောင်းဆိုခဲ့ကြကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ဟာဇာရာ အစုအဖွဲ့နှင့် သက်ဆိုင်သော ဗလီများနှင့် ပညာရေးအဖွဲ့အစည်းများကို ပစ်မှတ်ထားသည့် အဆိုပါ တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်ခဲ့သော အကြမ်းဖက်သမားများကို ဆန့်ကျင်လျက် ဆန္ဒပြသူများက လက်ကိုင်ပိုစတာများနှင့် စာတန်းများကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြသည်။

အဆိုပါ စုဝေးဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသူများသည် ပြည်နယ်၏ မြို့တော်ရှိ မတူညီသော လမ်းများတစ်လျှောက် ချီတက်ဆန္ဒပြခဲ့ကြသည်။ ထို ဆန္ဒပြပွဲသည် နောက်ပိုင်းတွင် လူထုတွေ့ဆုံပွဲတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အလာမာ မိုဟာမက် အာဆစ်ဖ် ဟူစိန်နီ၊ ဆီမာ ဆာဒက်၊ ကာရှစ်ဖ် ဟိုင်ဒါရီ နှင့် မဟ်ဒီ အာဖ်ဇာလီတို့က မိန့်ခွန်းပြောခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly