ရွှေတိဂုံစေတီတော်တွင် အရုပ်ကိုသိဒ္ဓိတင်သည့် အင်းဝိဇ္ဇာဓိုရ်ဆိုသူနှင့်အဖွဲ့ကို သာသနာညှိုးနွမ်းဖြင့် အရေးယူ

ရွှေတိဂုံစေတီတော်တွင် အရုပ်ကိုသိဒ္ဓိတင်သည့် အင်းဝိဇ္ဇာဓိုရ်ဆိုသူနှင့်အဖွဲ့ကို သာသနာညှိုးနွမ်းဖြင့် အရေးယူ

မဇ္ဈိမ။ ။ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်တွင် တရုတ်နိုင်ငံထုတ် အရုပ်နှစ်ရုပ်ကိုသိဒ္ဓိတင်ခဲ့သည့် အင်းဝိဇ္ဇာဓိုရ်ဆို သူနှင့်အဖွဲ့ကို သာသနာညှိုးနွမ်းစေမှုဖြင့် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနက အရေးယူသွားမည် ဖြစ်ကြောင်း ယနေ့အောက်တိုဘာလ ၂၄ ရက်နေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာတွင် ဖော်ပြထား သည်။

ယင်းအပြင် ရွှေတိဂုံစတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့ကိုတင်ပြခြင်းမရှိဘဲ မိမိသဘောဖြင့်ခွင့်ပြုပေးခဲ့ သော တာဝန်ရှိသူဝန်ထမ်းကိုလည်း ဝန်ထမ်းစည်းမျဥ်းစည်းကမ်းနှင့်အညီ ခုံရုံးဖွဲ့၍စစ်ဆေးကာ ပြင်းထန် စွာအရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

၎င်းကိုယ်ကို အင်းဝိဇ္ဇာဓိုရ်ဟုခံယူထားသူ အသက် ၂၆ နှစ်အရွယ် ရှိုင်းဇာနည်အောင်(ဘ) ဦးအောင်ခိုင်မြင့် (ဗေဒင်ဆရာ)၊ အသက် ၂၆ နှစ်အရွယ် အာကာမျိုး(ဘ)ဦးတင်စိုး(ဗေဒင်ဆရာ)၊ အသက် ၄၄ နှစ်အရွယ် ကြည်ဇင်(ဘ)ဦးကြည်စိန်(ယာဥ်မောင်း)နှင့် အသက် ၄၂ အရွယ် အောင်ထွန်းဦး(ဘ)ဦးခင်မောင်ဦး (ဓာတ် ပုံ/ ဗွီဒီယို ရိုက်ကူးပေးသူ)တို့လေးဦးကို အရေးယူဆောင်ရွက်ထားသည်ဟု သိရသည်။

ယနေ့ အောက်တိုဘာ ၂၄ ရက် စစ်ကောင်စီအာဘော်သတင်းစာဖော်ပြချက်တွင် အောက်တိုဘာ ၂၂ ရက် နံနက် ၇ နာရီအချိန်ခန့်တွင် ဦးဆောင်သူ ရှိုင်းဇာနည်အောင်အပါအဝင် လူရှစ်ဦးခန့်သည် 6M/ 6648 (Alphard) အမည်းရောင်ကားဖြင့် ရွှေတိဂုံတောင်ဘက်မုခ်ရှိ ကားဝင်းသို့ တရုတ်နိုင်ငံထုတ် အရုပ်နှစ်ခု၊ စဥ့်သူရဿတီမယ်တော်ရုပ်တုငယ် အပါအဝင်တို့ဖြင့် ရောက်ရှိလာကြောင်း၊ လုံခြုံရေးတာဝန်ရှိသူများက ရွှေတိဂုံစေတီရင်ပြင်သို့ တင်ခွင့်မပြုခဲ့သောကြောင့် တောင်ဘက်ကားကွင်းတွင်ထားရှိခဲ့ပြီး ရှိုင်းဇာနည် အောင်နှင့်အဖွဲ့သည် ရင်ပြင်တော်ပေါ်သို့ တောင်ဘက်ဓာတ်လှေကားဖြင့် တက်ရောက်ခဲ့သည်ဟု ထုတ် ပြန်ထားသည်။

ထို့နောက် ၎င်းတို့အဖွဲ့သည်စဥ့်သူရဿတီမယ်တော်ရုပ်တုကို သယ်ဆောင်၍ ရွှေတိဂုံစေတီတော်ကို လက်ယာရစ်ပတ်ကာ စနေထောင့်ရှိ သူရဿတီရုပ်တုရှေ့တွင် ကန်တော့ပွဲများချ၍ သိဒ္ဓိတင်မှုပြုလုပ်ခဲ့ပြီး တောင်ဘက်စောင်းတန်းမှ ပြန်လည်ဆင်းသွားကြောင်း၊ ထို့နောက်တောင်ဘက်ကားကွင်းရှိ ကျောက်စာ တိုင်အနီးတွင် အရုပ်ကြီးနှစ်ခုကို သိဒ္ဓိတင်မှုပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် ရှိုင်းဇာနည်အောင်အပါအဝင် လေးဦးကို ဗဟန်းမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထားသည်ဟု သိရှိရသော်လည်း မဇ္စျိမအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဘာသာပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံက ပြစ်တင်ရှုတ်ချနေကြသကဲ့သို့ လှောင်ပြောင်စရာလုပ်ရပ်အဖြစ် ပြောဆိုဝေဖန်နေမှုများလည်း ရှိခဲ့သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required