မြင်းခြံတွင် စစ်ကောင်စီ၏ ဂက်(စ်) ပိုက်လိုင်း ဖောက်ခွဲဖျက်ဆီးခံရ

မြင်းခြံတွင် စစ်ကောင်စီ၏ ဂက်(စ်) ပိုက်လိုင်း ဖောက်ခွဲဖျက်ဆီးခံရ

မဇ္ဈိမ။ ။မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီ၏ ဂက်(စ်)ပိုက်လိုင်းအား ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု မြင်းခြံခရိုင် အမှတ် (၅) တပ်ရင်း ၊ တပ်ခွဲ (၂) တပ်ခွဲမှူး ( MGN 35 အဖွဲ့) တာဝန်ခံထံက သိရသည်။

အဆိုပါ ဂက်(စ်)ပိုက်လိုင်းသည် အကြမ်းဖက် စစ်ကောင်စီတပ်အတွက် အကြီးမားဆုံး ဒေါက်တိုင်တစ်ခုဖြစ်၍ ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက် ည၈နာရီ ၃၀ မိနစ်တွင် တစ်ကြိမ် နှင့် ယမန်နေ့ ၂၃ရက် မွန်းလွဲ၃နာရီ ၅မိနစ်တွင် တစ်ကြိမ် ဖောက်ခွဲမှု နှစ်ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စကစအတွက် အကြီးမားဆုံးဒေါက်တိုင်တစ်ခုဖြစ်နေလို့ ကျွန်တော်တို့ ဖောက်ခွဲ လိုက်ရခြင်းဖြစ်ပါတယ်။ စကစ ကိုအထောက်ကူပြုနေတဲ့ မည်သည့် ဒေါက်တိုင် ကိုမဆို သတိပေးနေမှာမဟုတ်ဘဲ လုပ်စရာရှိတာ ဆက်လက်လုပ် ဆောင်သွားမှာဖြစ်ပါတယ်။ ပိုက်အရည်သွေးက အရမ်းကောင်းတယ်ဗျ။ ကျွန်တော်တို့ နှစ်ကြိမ်ဖောက်ခွဲရတယ်” ဟု MGN 35 အဖွဲ့မှ တာဝန်ခံ ကိုနွေမိုက်က မဇ္ဈိမကို ပြောသည်။

မကွေးတိုင်း မင်းဘူးမြို့နယ် မန်းသံပုရာကန်မှ မန္တလေးအထိသွယ်သန်းထားသည့် MOGE ပိုက်လိုင်းဖောက်ခွဲမှုအား MGN 35အဖွဲ့နှင့် ဗိုလ်စား ပြောက်ကျားတပ် ပူးပေါင်းကာ ဖောက်ခွဲခဲ့ခြင်းဖြစ်သည် ကိုနွေမိုက်မှ ဆက်ပြောသည်။

အဆိုပါ ဂက်(စ်)ပိုက်လိုင်းဖောက်ခွဲဖျက်ဆီးမှုနှင့် ပတ်သက်၍ ယခုလက်ရှိအချိန်အထိ စစ်ကောင်စီဘက်မှ ပြန်လည်ပြုပြင်ခြင်းနှင့် တစ်စုံတစ်ရာတုံ့ပြန်ခြင်းများ ပြုလုပ်ခြင်း မရှိကြောင်း ကိုနွေမိုက် ထံကသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ ကလည်း ညောင်ကားယားရွာနှင့် ပန်းညိုရွာတို့ကို မွှေနှောက်မီးရှို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်ကား ခုနစ်စီးကို တလုပ်မြို - မြင်းခြံ - နဘူးအိုင်အသွား လမ်းပိုင်း တစ်နေရာတွင် MGN 35 အဖွဲ့မှ ပဒေသာမိုင်း လေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးခဲ့ပြီး အယောက် ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required