ထားဝယ်ခရိုင်တွင် စစ်ကောင်စီတပ်က ဒေသခံ ၄ ဦးအားသတ်ဖြတ်၍ ၁၅ ဦးကို အကြမ်းဖက်ဖမ်းဆီး

ထားဝယ်ခရိုင်တွင် စစ်ကောင်စီတပ်က ဒေသခံ ၄ ဦးအားသတ်ဖြတ်၍ ၁၅ ဦးကို အကြမ်းဖက်ဖမ်းဆီး

မဇ္ဈိမ။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်မှ ဒေသခံလေးဦးအားသတ်ဖြတ်၍ ၁၅ ဦးကို အကြမ်းဖက် ဖမ်းဆီးထားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ်ရှိ CDM ဝန်ထမ်းများနှင့် NLD ပါတီ ဝင်များကို အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများပြုလုပ်ခဲ့ပြီး ဒေသခံ ၁၅ ဦးကိုအကြောင်းမဲ့ ဖမ်းဆီးကာ လေးဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက် အရ သိရသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်တပ်(စစ်ကောင်စီတပ်)က ရွာတွေကို ကားနဲ့လာပြီး ညဖက်မှာဝင်ဖမ်းတာတွေ လုပ်သွားတယ်။ နောက်ပြီး သေနတ်နဲ့ပစ်ခတ်တာကြောင့် အမျိုးသမီးတစ်ဦးအပါဝင် လေးဦး သေဆုံးခဲ့ တယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ ပြည်သူများကို အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်မှု ကျူးလွန်သူများမှာ ခလရ (၁၀၄) မှ စစ်ကောင်စီ တပ်သားနှင့် ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များ ဖြစ်ကြောင်းသိရသည်။

“စစ်တပ်က CDM နဲ့ NLD ပါတီဝင်တွေကို ပစ်မှတ်ထားဖမ်းဆီးတာ ပြုလုပ်ခဲ့ပေမယ့် အခုဖမ်းဆီးသတ် ဖြတ်ခံရသူတွေက သာမန် ရွာသားတွေနဲ့ ဈေးသည်တွေ ” ဟု သရက်ချောင်းမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်များမှာ ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူများကို ပြန်လည်လွှတ်ပေးခြင်း မရှိသေးပေ။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required