ပါကစ္စတန် မူလ်တန်မြို့ ဆေးရုံအမိုးပေါ်တွင် ပုပ်ပွနေသော လူသေအလောင်း ၂၀၀ ခန့် တွေ့ရှိ

By The Tribune India
19 October 2022
ပါကစ္စတန် မူလ်တန်မြို့ ဆေးရုံအမိုးပေါ်တွင် ပုပ်ပွနေသော လူသေအလောင်း ၂၀၀ ခန့် တွေ့ရှိ

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် မူလ်တန်မြို့ရှိ ဆေးရုံတစ်ရုံ၏ အမိုးပေါ်ရှိ အခန်းတစ်ခုထဲတွင် ပုပ်ပွနေသော အလောင်း ၂၀၀ ထက်မနည်းကို အောက်တိုဘာ ၁၄ ရက်က တွေ့ရှိခဲ့သည်။

မူလ်တန်မြို့ နစ်ရှ်တာ ဆေးရုံ၏ ရေခဲတိုက်အမိုးပေါ်၌ လူ့ခန္ဓာကိုယ်အစိတ်အပိုင်း ရာချီကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်ဟု လူမှုမီဒီယာများအရ သိရကြောင်းနှင့် ယခုအခါ အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း Geo News က ဖော်ပြသည်။

နစ်ရှ်တာဆေးရုံ အမိုးပေါ်တွင် တည်ဆောက်ထားသည့် အခန်းတစ်ခုထဲ၌ ပုပ်ပွနေသော အလောင်း ဒါဇင်များစွာ ရှိကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ဆေးရုံခေါင်မိုးပေါ်တွင် လူ့ခန္ဓာကိုယ် အစိတ်အပိုင်း ရာချီကို တွေ့ရှိထားကြောင်းကို လူမှုမီဒီယာတွင် သတင်းများ ပျံ့နှံ့နေခဲ့သည်။

အလောင်း အရေအတွက်နှင့်ပတ်သက်ပြီး မည်သည့် အစိုးရတာဝန်ရှိသူကမှ အတည်မပြုသလို ငြင်းဆန်ခြင်းလည်း မရှိသေးပေ။

နစ်ရှ်တာ ဆေးရုံ ရေခဲတိုက် အမိုးပေါ်ရှိ အခန်းထဲတွင် ပုပ်ပွနေသော အလောင်းများ ရှိနေသည်ဟု တစ်စုံတစ်ဦးက သတင်းပေးခဲ့ခြင်း ဖြစ်ကြောင်း ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ်၏ အကြံပေး တာရစ် ဇာမန်း ဂူလ်ဂျာက ပြောသည်ဟု Geo News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required