ဝက်လက်မြို့နယ်အနောက်ခြမ်းမှကျေးရွာများအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ

ဝက်လက်မြို့နယ်အနောက်ခြမ်းမှကျေးရွာများအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ

October 23

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အမျိုးသမီး တစ်ဦးသေဆုံးပြီး ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဝက်လက်မြို့နယ်အနောက်ခြမ်း လှတောကျေးရွာရဲစခန်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်က နေ့စဥ် အနီးနားကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်နေပြီး အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းက လှတောရွာ၏အနောက်ဘက် ဒွန်တဲကုန်းကျေးရွာရှိ နေအိမ်ပေါ်သို့ကျရောက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေ ဆုံးကာ ၎င်း၏ညီမဖြစ်သူလည်း မျက်လုံးတစ်ဖက် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ထို့ပြင် လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေမှုကြောင့် အမျိုးသားတစ်ဦးလည်း ခြေထောက်ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လှတောရဲစခန်းနဲ့ ရွှေပန်းကုန်းရဲစခန်းထဲမှာတပ်စွဲထားတဲ့ကောင်တွေက ဘေးနားကရွာတွေကို လက် နက်ကြီးနဲ့ တောက်လျှောက် ထိုင်ပစ်နေတာ။ အခု ဘယ်သူမှ ရွာထဲမနေရဲလို့ အကုန်တောထဲပုန်းနေရ တယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဝက်လက်မြို့နယ်အနောက်ခြမ်းမှ ရွှေပန်းကုန်းရဲစခန်း ဝင်ရောက်တိုက်ခိုက်ခံခဲ့ရပြီး နောက်တွင် စစ်ကောင်စီတပ်က ကျေးရွာများကို ရဟတ်ယာဥ်ဖြင့်လာရောက်ပစ်ခတ်ခဲ့ရာ ဒေသခံတစ်ဦး ထိခိုက်သေဆုံးခဲ့သေးသည်။

ဝက်လက်မြို့နယ်အနောက်ခြမ်းတွင် စစ်ရှောင်နေရသည့် ပြည်သူ ၃,၀၀၀ ခန့်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း

#ဝက်လက်မြို့နယ်

#လက်နက်ကြီးဖြင့်ပစ်ခတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly