ရွှေလောင်း တိုက်နယ်ရဲစခန်း ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခံရ

ရွှေလောင်း တိုက်နယ်ရဲစခန်း ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခံရ

အောက်တိုဘာလ ၂၂ ရက်

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ ရွှေလောင်းတိုက်နယ်ရဲစခန်း ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့၊ နံနက် ၅ နာရီခန့်အချိန်က ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ပစ်ခတ်မှုကို ဧရာဝတီလင်းပိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြောင်းမြခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဝါးခယ်မ (ပကဖ)တို့ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊မရှိအတိအကျ မသိရသေးကြောင်း ဧရာဝတီလင်းပိုင်အဖွဲ့ဝင်တစ်ဦးက မဇ္စျိမကိုပြောသည်။

"စခန်းထဲကို ကျသွားပြီး စခန်းထဲမှာပေါက်ကွဲမှုဖြစ်သွားပါတယ်။ ထိခိုက်မှုကတော့မသိရသေးပါဘူးဗျ။ စစ်သားတွေနဲ့ ရဲတွေကတော့ စခန်းထဲကထွက်ပြေးပြီး ကင်းဂိတ်မှာ သွားစုနေကြတယ်"ဟု ၎င်းက ဆိုသည်။

ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များနှင့် ရဲများက ရွှေလောင်း အဝင်အထွက် ဂိတ်များ၌ စုဝေးနေရာယူထားကြသည်ဟု ဧရာဝတီလင်းပိုင်အဖွဲ့ဝင်၏ ပြောပြချက်အရ သိရသည်။

Ayayarwaddy Dolphin People's Defence Force (ဧရာဝတီလင်းပိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့)၏ လူမှုကွန်ရက် စာမျက်နှာတွင်မူ "ဧရာဝတီတိုင်း စစ်ဒေသခွဲ၏ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ရွှေလောင်းတိုက်နယ် ရဲစခန်းအား အဝေးထိန်း ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ဆက်လက်ပြီး စစ်ကောင်စီ ဒေါက်တိုင်များ သတင်းပေးများနှင့် စစ်ကောင်စီနှင့်ပူးပေါင်းသည့်သူများအား ဆက်လက်တိုက်ခိုက်သွားမည်" ဟု ထုတ်ပြန်ထားသည်။

ရှော့တိုက်ဒုန်း ပစ်ခတ်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ အသေးစိတ်ကို မဇ္စျိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly