မြောင်နယ်ထဲ စစ်တပ်၀င်စီး၊ စစ်ဘေးရှောင်စက်လှေကို ပစ်ခတ်၊ လှေနစ်မြုပ်ပြီး ပြည်သူ ၅ ဦးပျောက်ဆုံးနေ ဟုဆို

မြောင်နယ်ထဲ စစ်တပ်၀င်စီး၊ စစ်ဘေးရှောင်စက်လှေကို ပစ်ခတ်၊ လှေနစ်မြုပ်ပြီး ပြည်သူ ၅ ဦးပျောက်ဆုံးနေ ဟုဆို
Photo CDSOM

အောက်တိုဘာလ ၂၂ ရက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ရွှေပေါက်ပင်ရွာကို ယနေ့နံနက်ပိုင်းက၊ စစ်ကောင်စီတပ်၀င်ရောက်စီးနင်းပြီး၊ စစ်ဘေးရှောင်ပြည်သူကိုပါ လိုက်လံပစ်ခတ်တာကြောင့်၊ လှေတစ်စီးနစ်မြုပ်ကာ ပြည်သူငါးဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

"စစ်တပ်က စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုး၀င်လာတာ၊ အချိန်မီထွက်ပြေးသူတွေလွတ်တယ်၊ စက်လှေတစ်စီးကတော့ လက်နက်ကြီးနဲ့ လှမ်းပစ်ခံလိုက်ရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ အောက်တိုဘာ ၂၂ ရက် နံနက် ၄ နာရီ၀န်းကျင်ခန့်က၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်းဖြင့်စစ်ကြောင်းထိုး၀င်ရောက်လာပြီး၊ စစ်ဘေးရှောင်ပြည်သူကိုပါ လက်နက် ကြီးများဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေသခံများကဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍၊ စစ်ကောင်စီတပ်များသည် မြင်းမူမြို့နယ်မှ ရွှေပေါက်ပင်ရွာသို့တစ်ကြောင်း၊ ကျောက်ရစ်စခန်းမှ နနွင်းကိုင်း ဆူးလေကုန်းနှင့် သနပ်ကုန်းရွာတို့သို့ တစ်ကြောင်း၊ စစ်ကြောင်းနှစ်ကြောင်း အပြိုင်ထိုး၀င်ခဲ့ခြင်း ဖြစ်ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)ထံက တစ်ဆင့်သိရသည်။

"စစ်ကြောင်းလာသဖြင့်၊ စက်လှေဖြင့်ထွက်ပြေးသော လူခြောက်ဦးပါ စက်လှေအား၊ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့်၊ စက်လှေပေါ်တည့်တည့်ကျ၍၊ စက်လှေမှာနစ်မြုပ်ပျက်စီးကာ၊ ငါးဦးမှာလည်း ရေတွင်နစ်မြုပ် ပျောက်ဆုံးပြီး၊ တစ်ဦးသာ အသက်ရှင်လျက်တွေ့ရှိရသည်" ဟု CDSOM က ဆိုသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၉ ရက်နေ့ကလည်း၊ မြောင်မြို့နယ် ရွှေဘုံသာရွာသို့ ၀င်စီးပြီး၊ အသက်ငါးဆယ်၀န်းကျင် ဒေသခံအမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့သေးကြောင်း သိရသည်။

ပုံစာ - စစ်ကောင်စီတပ်က ရွှေဘုံသာရွာသို့၀င်စီးပြီး၊ ဒေသခံအမျိုးသား တစ်ဦးကို သတ်ဖြတ်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly