လှိုင် (၂) ရပ်ကွက်ရှိ ရာအိမ်မှူးဇနီးမောင်နှံနှင့် တူဖြစ်သူတို့ ပစ်ခတ်ရှင်းလင်းခံရ

လှိုင် (၂) ရပ်ကွက်ရှိ ရာအိမ်မှူးဇနီးမောင်နှံနှင့် တူဖြစ်သူတို့ ပစ်ခတ်ရှင်းလင်းခံရ

အောက်တိုဘာလ ၂၂ ရက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၂) ရပ်ကွက်၊ သီရိ(၅) လမ်းတွင် ယနေ့ အောက်တိုဘာ ၂၂ ရက် နံနက် ၈ နာရီဝန်းကျင်ခန့်က ရာအိမ်မှူးဇနီီးမောင်နှံနှင့် တူဖြစ်သူတို့ နေအိမ်၌ ပစ်ခတ်ရှင်းလင်းခံရကြောင်း သိိရသည်။

“အိမ်ထဲထိဝင်ပစ်သွားတာ။ သတင်းတက်တော့ ရာအိမ်မှူးနဲ့ သူ့မိန်းမ လင်မယားနှစ်ယောက် သေတယ်လို့ပဲတက်တယ်။ တကယ်က အဲ့အိမ်ထဲမှာ သုံးယောက်ရှိနေတာ။ သုံးယောက်လုံးသေသွားတာ။ အဲ့ဒါကြောင့် အခုအချိန်ထိ လှိုင်မှာ ရှုပ်ယှက်ခတ်နေတယ်။ အခြေအနေမကောင်းဘူး။” ဟု သတင်းရင်းမြစ်က ပြောသည်။

ပစ်ခတ်ခံရသူများမှာ ရာအိမ်မှူး ဦးတင်မောင်းဝင်းနှင့် ဇနီးဖြစ်သူအပြင် တူတော်စပ်သူအမျိုးသား တစ်ဦးလည်းပါဝင်ပြီး သေနတ်ဒဏ်ရာကြောင့် သုံးဦးစလုံး သေဆုံးသွားခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များလည်း ရောက်ရှိလာသလို လူနာတင်ယာဉ်တစ်စီးလည်းရောက်ရှိကာ အလောင်းသယ်ဆောင် သွားခဲ့ကြောင်း ဆိုသည်။

ထို့နောက်တွင် ရာအိမ်မှူးနေထိုင်ရာ တိုက်မှ ပြည်သူများအား တိုက်အောက်သို့ ဆင်းခိုင်းသလို သီရိ (၅) လမ်းအတွင်းရှိ အမျိုးသားအချို့ကိုလည်း ရဲကားပေါ်တင်ဆောင်သွားကြောင်း ဒေသခံတစ်ဦးကပြောသည်။ ထိုသူများကို စစ်ဆေးမေးမြန်းခြင်း (သို့) ဖမ်းဆီးခေါ်ဆောင်ခြင်း ဟုတ်မဟုတ်နှင့်ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အောက်တိုဘာလ ၂၀ ရက်ကလည်း လှိုင် (၁၃) ရပ်ကွက်တွင် စစ်ကောင်စီတပ်မှ နှစ်ဦးအပါအဝင် သုံးဦးပစ်ခတ်ရှင်းလင်းခံရသည့်ဖြစ်စဉ် ရှိခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly