ငရုတ်ကောင်းမြို့နယ်တွင် စစ်ကောင်စီတပ်များ အင်အားအများအပြားဖြင့် တပ်ဖြန့်ထား

ငရုတ်ကောင်းမြို့နယ်တွင် စစ်ကောင်စီတပ်များ အင်အားအများအပြားဖြင့် တပ်ဖြန့်ထား

အောက်တိုဘာလ ၂၂ ရက်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ၊ ငရုတ်ကောင်းမြို့ပိုင်နက်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များ အင်အားအများအပြားဖြင့် တပ်ဖြန့်ထားကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့က ပုသိမ်မြို့နယ်မှ စစ်ကောင်စီ တပ်သားများ စီးနင်းလာသည့် စစ်ကားလေးစီး၊ ငရုတ်ကောင်းမြို့ဘက်သို့ မောင်းနှင်သွားပြီးနောက် ယခုကဲ့သို့ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည် ။

ငရုတ်ကောင်းမြို့ ၊ ပိတောက်ချောင်း၊ အလယ်ရွာ၊ ဘုရားချောင်းကျေးရွာများ၌ စစ်ကောင်စီတပ်များ တပ်ဖြန့်ထားခြင်းဖြစ်ပြီး မည်သည့်အကြောင်းကြောင့် တပ်ဖြန့်ထားသည်ကို မသိရသေးကြောင်း ဒေသခံတစ်ဦးကပြောသည်။

"စစ်သားတွေ စစ်ကားလေးစီးနဲ့ ရောက်လာပြီးတော့ တပ်ဖြန့်ထားကြတာပဲ။ ဘာသတင်းကြားလို့လဲတော့ မသိဘူး။ တောနင်းတာတွေ စစ်ကြောင်းထိုးတာတွေမလုပ်ဘဲ ဒီတိုင်းကြီး တပ်ဖြန့်ထားတာပါ"ဟု ငရုတ်ကောင်း ဒေသခံက ပြောသည်။

လက်ရှိတွင် ငရုတ်ကောင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ စစ်ကောင်စီ တပ်သားများ ဆက်လက်တပ်ဖြန့်ထားသည်ဟု သိရပြီး မတရားဖမ်းဆီးမှုများ ပြုလုပ်လာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ဧရာဝတီတိုင်း ကြံခင်းမြို့နယ် အနောက်ဘက် ခရိုင်ရိုးမအစပ်တောများ၊ ချောင်းသာ-ပုသိမ်ကားလမ်းဘေးရှိတောအုပ်များ၊ ဟင်္သာတမြို့နယ်အတွင်းရှိ တောအုပ်များနှင့် ပုသိမ်-မော်တင်ကားလမ်းဘေးရှိ တောများတွင် မကြာခဏဆိုသလို စစ်ကောင်စီတပ်များ တောနင်းရှာဖွေနေကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly