သရက်မြို့ ကပစ (၁၂) က စစ်ကောင်စီတပ်သား ကြိုးဆွဲချ သတ်သေဖို့ ကြိုးပမ်း

သရက်မြို့ ကပစ (၁၂) က စစ်ကောင်စီတပ်သား ကြိုးဆွဲချ သတ်သေဖို့ ကြိုးပမ်း

အောက်တိုဘာလ ၂၂ ရက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၁၂) က စစ်ကောင်စီတပ်သားတစ်ဦး အောက်တိုဘာလ ၂၁ ရက်နေ့၊ ည ၅ နာရီခန့်က မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေဖို့ ကြိုးပမ်းခဲ့ကြောင်း ကပစ (၁၂) နှင့် နီးစပ်သူ ယုံကြည်ရသော သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

၎င်းသည် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) အမှတ် (၁၂) တွင် တာဝန်ထမ်းဆောင်နေသော အသက် ၃၀ နှစ်အရွယ် တပ်သား ခင်နောင်မိုးဟန်ဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

သို့သော်လည်း တပ်သား ခင်နောင်မိုးဟန်သည် အသက်မသေသည့်အတွက် အောက်တိုဘာလ ၂၁ ရက်နေ့၊ ည ၅ နာရီကျော်ခန့်တွင် သရက်ခရိုင် ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ကြရာ အောက်စီဂျင်ပေးထားရသည်ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

“အဲလိုပဲ တပ်တွင်းမှာ ခဏခဏရှိတယ်၊ အပြင်ကို သတင်းမရောက်တာပဲ ရှိတယ်၊ အခုလည်း မသေလို့ ဆေးရုံရောက်လာတာ၊ သေဖို့ ၈၀ ရာခိုင်နှုန်းရှိတယ်၊ သေရင်တော့ ဆေးရုံဝန်ထမ်းတွေကို နှုတ်ဆိတ်ခိုင်းထားမှာ” ဟု ကပစ (၁၂) နှင့် နီးစပ်သူ သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံအနှံ့ တိုက်ပွဲများဖြစ်နေချိန်၊ ပြီးခဲ့သည့်နှစ် ဩဂုတ်လ ၁၇ ရက်နေ့ ညပိုင်းကလည်း ထိုသရက်မြို့ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၁၂) မှ စစ်သား ၁၅ ဦးထက်မနည်း လက်နက်များနှင့်တကွ ထွက်ပြေးသွားသည့် ဖြစ်စဉ်ရှိခဲ့ဖူးသည်။

ကပစ (၁၂) သည် သရက်မြို့နှင့် ကိုးမိုင်ခန့်အကွာတွင် တည်ရှိပြီး စခန်းကြီးကျေးရွာ၊ ပိတောက်ပင် ကျေးရွာတို့၏ တောင်ဘက် သုံးမိုင်ကျော်တွင်ရှိကာ ၁၂၀ မမ ၊ ၆၀ မမ၊ ၁၀၅ မမ၊ ၈၁ မမ ကျည်ဆံများကို ထုတ်လုပ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly