ငွေကြေးအမည်ပျက်စာရင်း ထည့်သွင်းခံရခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အခက်တွေ့နိုင်

ငွေကြေးအမည်ပျက်စာရင်း ထည့်သွင်းခံရခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အခက်တွေ့နိုင်

October 22

မဇ္ဈိမ။ ။မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (Financial Action Task Force-FATF)က ငွေကြေးအမည်ပျက်စာရင်း ထည့်သွင်းလိုက်‌ခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အခက်တွေ့နိုင်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ထားသည်။

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းရှိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းအချို့ ရပ်နားထားသော်လည်း အဆိုပါ ကြေညာချက်ကြောင့် လာမည့်ကာလအတွင်း ပို၍သက်ရောက်မှုရှိလာနိုင်သည်ဟု စီးပွားရေး ပညာရှင်များက သုံးသပ်ပြောဆိုလျက်ရှိသည်။

" Foreign Investment တွေက ဆက်သွားဖို့ပိုခက်လာပါမယ်။ အထူးသဖြင့် အနောက်နိုင်ငံကကုမ္ပဏီတွေ Branded Company တွေကတော့ Black List နိုင်ငံမှာ အလုပ်လုပ်ခြင်းဟာ ငွေကြေးခဝါချမှုပါ ပါဝင်သလိုဖြစ်မှာစိုးလို့ ပြန်လည်ထွက်ခွာရမှာ ဖြစ်ပါတယ်" ဟု စီးပွားရေးပညာရှင်တစ်ဦးက ပြောသည်။

ထို့ပြင် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်း များနှင့်ပတ်သက်၍ ယခုထပ်ပိုမိုခက်ခဲလာနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။

"ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေကတော့ ရှိနေဦးမှာဖြစ်တယ်။ ဒါပေမဲ့ နယ်စပ် လမ်းကြောင်းကနေ တစ်ဆင့် ပြည်ပနိုင်ငံကို ကြားခံပြီး export/import လုပ်ရလို့ ငွေတန်ဖိုးကျဆင်းမှု ၊ ကုန်ကျစရိတ်ကြီးမြင့်မှုနဲ့ ရငွေနည်းပါးမှုတွေ ဖြစ်လာမှာပါ" ဟု ပို့ကုန်၊ သွင်းကုန်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ယင်းအပြင် ယခုကဲ့သို့ မြန်မာနိုင်ငံကို ငွေကြေးအမည်ပျက် စာရင်းထည့်သွင်းခံရပြီးချိန်တွင် ငွေဈေးကစားသူများကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။

"ကျပ်ငွေတန်ဖိုး ကျဆင်းလာတာမှန်ပေမယ့် ဒီရက်ပိုင်းက ပိတ်ရက်ဖြစ်လို့ ဒါဟာ ငွေကစားသူတွေရဲ့ ခေါ်ဈေးသာဖြစ်တယ်။ ဒီအပေါ်မှာ ရိုက်ခတ်မှုမဖြစ်စေဖို့နဲ့ သတိထား ဖို့လည်းလိုတယ်" ဟု စီးပွားရေးလုပ်ငန်းရှင် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။။ အောင်ကျော်ဖြိုး

#FATF

#မြန်မာနိုင်ငံ

#ငွေကြေးအမည်ပျက်စာရင်း

#နိုင်ငံခြားရင်းနှီးမြုပ်နှံမှု

#အခက်ကြုံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required