ညောင်လေးပင်မြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို မြို့ပြပျောက်ကျားအဖွဲ့မှ ဝင်ရောက်ပစ်ခတ်

ညောင်လေးပင်မြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို မြို့ပြပျောက်ကျားအဖွဲ့မှ ဝင်ရောက်ပစ်ခတ်

(မဇ္ဈိမ)။ ။ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ကောက်ကွေ့ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို အောင်တိုဘာလ ၂၀ရက်နေ့ ည၈နာရီတွင် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဗိုလ်မိုက်ခဲ ဦးဆောင်သည့် ကျောက်ကြီးမြို့ပြပြောက်ကျားအဖွဲ့မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ ရွာထဲက အုပ်ချုပ်ရေးမှူး တင်မောင်သန်းနေအိမ်ကို ဝင်ပစ်တာ၊ အဲ့မှာ စစ်ကောင်စီက တပ်စွဲထားတယ်၊ သူတို့က ရွာထဲမှာ ပိုက်ဆံကောက်တယ်၊ ဧည့်စာရင်းတိုင်ရင်လည်း ပိုက်ဆံကောက်တယ်၊ ပြည်သူကို မျိုးစုံဒုက္ခပေးနေတဲ့အတွက် ဝင်တိုက်ခိုက်တာပါ၊ ထိခိုက်သေဆုံးမှုများနိုင်တယ်”ဟု ဗိုလ်မိုက်ခဲဦးဆောင်သည့် ကျောက်ကြီးမြို့ပြပြောက်ကျားအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ပဲခူးမင်းမင်းက ပြောသည်။

ထိုသို့ပစ်ခတ် တိုက်ခိုက်မှု၌ အုပ်ချုပ်ရေးမှူးအိမ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

“မနေ့ညက PDFတွေ ဝင်ပစ်တယ်လို့ကြားတယ်၊ သေနတ်သံတွေ အကျယ်ကြီးကြားရတယ်၊ ခဏနေတော့ ပြန်ငြိမ်သွားတယ်ဗျ၊ ဒီကောင်တွေ(စစ်ကောင်စီ)ဖက်က ထိခိုက်မှုများနိုင်တယ်၊ ကားနဲ့ မြို့ပေါ်ခေါ်သွားကြတယ်ပြောတယ်”ဟု ညောင်လေးပင်မြို့နယ်မှ ဒေသခံတစ်ဦးမှပြောသည်။

မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များမှ ၄၀ မမ၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး ယခုစစ်ဆင်ရေးတွင် စစ်ကောင်စီဖက်မှသေဆုံး ဒဏ်ရာရရှိမှုအခြေနေကို အတည်ပြုဆဲဖြစ်ကြောင်း ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required