Cobra စစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ ဗုံကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်၂ ဦး သေဆုံး

Cobra စစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ ဗုံကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်၂ ဦး သေဆုံး

မဇ္ဈိမ။ ။ကရင်ပြည်နယ်၊ KNUတပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ၊ မြဝတီမြို့နယ်တောင်ဖက် မြဝတီ-ဝေါလေ ကားလမ်းမ အနီးရှိ လူခို့ ညောင်ချောင်း နေရာကို ကျူးကျော်ဝင်ရောက်လာသည့် စစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ နည်းဗျူဟာ (၄၄၁) ၏ တိုက်ခိုက်ရေး တပ်ရင်းများ ဖြစ်သည့် ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇) တို့အား KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်း နှင့် Federal Wings Drone အဖွဲ့ တို့က အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

Cobra စစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ကြောင်း ယမန်နေ့ အောက်တိုဘာ၂၀ရက်နေ့ ရက်စွဲဖြင့် Cobraစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁၉ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကျော်ဝါးဘိုး ဘုရားအနီးတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်က ၁၂၀- မမ လက်နက်ကြီးဖြင့် လည်းကောင်း၊ ဆုံဆည်းမြိုင် ကုန်းတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်က ၁၂၀- မမ လက်နက်ကြီး ဖြင့် လည်းကောင်း၊ အတွဲလိုက်ပစ်ဒုံး လေးလုံးတွဲ (MLRS)ဖြင့် (၄) ကြိမ် အဆက်မပြတ် ပစ်ကူ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါနေ့တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ၊ အမှတ်(၄၄၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (NDC) ဆင်း၊ DSA အပတ်စဉ် (၄၂) သည် cobra စစ်ကြောင်းမှ စနိုက်ပါတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ လေးဦး ပြင်းထန် ဒဏ်ရာ ရရှိကြောင်း အတည်ပြ နိုင်ခဲ့ပြီး cobraစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်းသိရသည်။

ထို့အတူ ယင်းနေ့ ညနေ ၅ နာရီခန့်တွင် လေးကေ့ကော် မြို့သစ်အနီး စွယ်တော်အမြှောက်ကုန်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်အား စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ တစ်ဦး သေဆုံးကြောင်း Cobraစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required