ကန်ပက်လက်မြို့ပေါ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၄ဦးသေ၊ အများအပြားဒဏ်ရာရ ဟုဆို

ကန်ပက်လက်မြို့ပေါ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၄ဦးသေ၊ အများအပြားဒဏ်ရာရ ဟုဆို

မဇ္ဈိမ ။ ။ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း CDF- Kanpetlet မှ ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၀ရက် နံနက် ၈နာရီမှစ၍ ကန်ပက်လက်မြို့ပေါ်ရှိ မြို့ပတ်လမ်း၊ အထက ကျောင်း၊ မြို့နယ် ပညာရေးမှူးရုံး နှင့် NLD ပါတီရုံးဘေးပတ်လည် စသည့် နေရာလေး နေရာတွင် လေးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“စစ်သားသေဆုံးမှုကတော့ မျက်စိရှေ့တင် လဲကျသေဆုံးတာတွေ့တယ်။ ကျနော်တို့ကမြို့ပတ်လမ်းမှာ မနက် ၄ နာရီကတည်းက ကင်းပုန်းဝတ်ထားတာပါ၊ ပြီးမှ သူတို့စခန်းတွေကို ချဉ်းကပ်တာပေါ့နော်။ ကင်းပုန်းဝတ်တာက သူတို့စခန်းကို စစ်ကူလာမယ့်လမ်းကြောင်းတွေမှာပေါ့။ စခန်းနှစ်နေရာကိုစပစ်တော့ ထင်ထားတဲ့အတိုင်း စစ်ကူလာတဲ့အဖွဲ့ကိုလည်း လမ်းကဖြတ်ပစ်နိုင်ခဲ့တာပေါ့။ NLD ရုံးနားမှာတော့ ကျနော်တို့အဆုတ်ပြပြီး ကင်းပုန်းထပ်ထိုင်တာပါ။ အဲ့မှာနယ်မြေရှင်းလင်းရေးပုံစံ စစ်ကြောင်းနဲ့ထပ်ဖြစ်တာပါ။” ဟု CDF – Kanpetlet မှ တာဝန်ရှိသူထံမှ သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့- ကန်ပက်လက်၏ တိုက်ခိုက်မှုကြောင့် အထိနာနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်နက်ကြီးဖြင့် ကန်ပက်လက်မြို့တွင်းသာမက အနီးအနားရှိ ကျေးရွာများအား တရစပ်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် လူနေအိမ်များထိခိုက်မှုရှိပြီး ထိခိုက်မှု အသေးစိတ်အတိအကျကိုမူ ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များသည် ကန်ပက်လက်နှင့်ကျင်ဒွေးမြို့များသို့ လေကြောင်းဖြင့် လက်နက်အင်အား၊ လူအင်အားများဖြည့်တင်းလျက်ရှိနေသည့်အတွက် CDF-Kanpetletတပ်ဖွဲ့နှင့် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်ကြောင်း စစ်ရေးသုံးတပ်သူ တစ်ဦးမှ ပြောသည်။

ကန်ပက်လက်မြို့အနီးအနားရှိ ကျေးရွာများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မဆင်မခြင် လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းပစ်ခတ်မှုများ ရှောင်ရှားနိုင်ရန်အတွက် ဗုံးခိုကျင်းများ ကြိုတင်တူးဖော်ပြင်ဆင်ကြရန် CDF-Kanpetlet မှ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

အောက်တိုဘာလ ၁၆ ရက်ကလည်း ကန်ပက်လက်မြို့သို့ အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီ ပို့ဆောင်ရေးရဟတ်ယာဉ် နှစ်စီးအား CDF-ကန်ပက်လက်မှ အမြင့်တစ်နေရာမှ လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဆီတိုင်ကီပေါက်ပြီး ပန်ကာတစ်ချောင်းကျိုးသွားခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required