ညောင်လေးပင်မြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

ညောင်လေးပင်မြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

(မဇ္ဈိမ)။ ။ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ဂျောင်းတာကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးကို အောက်တိုဘာ၂၀ရက်နေ့ နေ့လယ်၂နာရီခွဲအချိန်တွင် အင်းဝိုင်းကျေးရွာအနီး၌ ကျောက်ကြီး မြို့ပြပြောက်ကျား ဗိုလ်မိုက်ခဲ အဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်းသိရသည်။

သေဆုံးသူသည် ဂျောင်းတာကျေးရွာအုပ်ချုပ်ရေးမှူး နေဝင်း ဆိုသူဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်လာစဉ် သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်းသိရသည်။

“သူက ပြည်သူလူထုကို ဒုက္ခပေးနေတာများလို့ အခုလို ရှင်းလိုက်တာပါ ဆက်ကြေးကောက်တာတွေရှိတယ်၊ နောက်ပိုင်း ညောင်လေးပင်၊ကျောက်ကြီး၊ နောက် ပဲခူးတိုင်းထဲက စစ်ကော်စီဒေါက်တိုင်တွေကို ရှင်းလင်းဖို့ရှိပါတယ်”ဟု ကျောက်ကြီး မြို့ပြပြောက်ကျား ဗိုလ်မိုက်ခဲ အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ပဲခူးမင်းမင်းမှ ပြောသည်။

ထို့ပြင် ကျောက်ကြီးမြို့နယ်၊ညောင်ပင်သာကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား ၁၀၀ခန့်သည် အောက်တိုဘာလ ၁၈ရက်နေ့ နံနက် ၆နာရီခန့် အချိန်တွင် ညောင်ပင်သာကျေးရွာအပိုင် ဒိုက်ပုံကွင်းအတွင်း ဝင်ရောက်လာရာ ဒိုက်ပုံချောင်းနားအရောက်တွင် တောင်ငူခရိုင်၊ PDFတပ်ရင်း(၃၅၀၂) အထူးစစ်ကြောင်းတပ်ခွဲက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ပြီး သုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒိုက်ပုံချောင်းတံတားအား မီးရှို့ဖျက်ဆီးခဲ့သည်။

ပဲခူးတိုင်း PDF တပ်ဖွဲ့ဝင်များ၊ မြို့ပြပြောက်ကျား အဖွဲ့များ၊ နန်းထိုက်အောင် စစ်ဆင်ရေးတို့သည် စစ်ကောင်စီတပ်ဖွဲ့များနှင့် ၎င်း၏ ဒေါက်တိုင်များကို တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly