ပလက်ဝတွင် ပြည်သူ့အခြေပြု ကျောင်းပေါင်း ၆၀ ကျော်ဖွင့်လှစ်ထားပြီး မီဇိုရမ်တွင် စစ်ဘေးရှောင်များအတွက် ကျောင်းပေါင်း ၉ ကျောင်းဖွင့်လှစ်နိုင်

ပလက်ဝတွင် ပြည်သူ့အခြေပြု ကျောင်းပေါင်း ၆၀ ကျော်ဖွင့်လှစ်ထားပြီး မီဇိုရမ်တွင် စစ်ဘေးရှောင်များအတွက် ကျောင်းပေါင်း ၉ ကျောင်းဖွင့်လှစ်နိုင်

မဇ္ဈိမ။ ။ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ပညာရေးဘုတ်အဖွဲ့ ဖွဲ့စည်းပြီး ကြားကာလပညာရေး ပြည်သူ့အခြေပြုကျောင်းပေါင်း ၆၀ ကျာ် ပြည်တွင်းတွင် ဖွင့်လှစ်ထားပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်များအတွက် ကျောင်းပေါင်း ကိုးကျောင်း ဖွင့်လှစ်ထားနိုင်ကြောင်း သိရသည်။

စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်၍ ဖက်ဒရယ် ပညာရေးစနစ်သို့ ဦးတည်သည့် ကြားကာလ ပြည်သူ့အခြေပြုကျောင်းပညာရေးစနစ်ကို ပလက်ဝမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၆၀ ကျော်တွင်လည်းကောင်း ၊ လွတ်မြောက်နယ်မြေရှိ စစ်ရှောင်စခန်း ကိုးခုတွင်လည်းကောင်းဖွင့် လှစ်ထားခြင်းဖြစ်သည်။

အဆိုပါ ပြည်သူ့အခြေပြုကျောင်းများတွင် မူလတန်းနှင့်အလယ်တန်းကျောင်းသား၊ ကျောင်းသူ ဦးရေ ၅၀၀၀ ကျော်ကို ဆရာ၊ ဆရာမ ဦးရေ ၂၀၀ခန့် ဖြင့် လည်ပတ်သင်ကြားနေကြောင်း ပလက်ဝမြို့နယ် ပညာရေးဘုတ် အဖွဲ့ထံက သိရသည်။

''ကျွန်တော်တို့ပလက်ဝမြို့နယ်အတွက် ပညာရေးဘုတ်အဖွဲ့ဖွဲ့ပြီး ကြားကာလပညာရေးကို ပြည်သူ့အခြေပြု ကျောင်းအနေနဲဖွင့်လှစ်ပြီး ပညာသင်ကြားခြင်းကို ဆောင်ရွက်နေပါတယ်။ လောလောဆယ်မှာတော့ အခက်အခဲတွေက အများကြီးပါ။ သူငယ်တန်း (KG)ကနေမှ အဌမတန်းအထိ ဖွင့်ထားပါတယ်။ စုစုပေါင်းကျောင်းသား ၅၀၀၀ ကျော်မှာ မူလတန်းအဆင့် ကျောင်းသားဦးရေကပိုများတာပေါ့။ အလယ်တန်းအဆင့် ကတော့ ၁၀၀၀ ဝန်းကျင်လောက်ပဲရှိပါတယ်” ဟုပလက်ဝမြို့နယ်ပညာရေးဘုတ် အဖွဲ့ တာဝန်ခံ Ko John ကပြောသည်။

ကြားကာလပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖွင့်လှစ်ခဲ့ရသည့်ကျောင်းများဖြစ်သည့်အတွက် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

“သင်ရိုးစာအုပ်တွေက တချို့ကျောင်းတွေအတွက် အရင် Covid-19 မဖြစ်ခင်ထုတ်ထား ပြီးသားရှိတယ်။ Covid ကြောင့် ကျောင်းမတက်လိုက်ရလို့ ကျောင်းတွေမှာ လက်ကျန် စာအုပ်တချို့ရှိတာလေးတွေကိုလည်း သုံးနေကြပါတယ်။ အများအားဖြင့်တော့ ကျောင်းသား မိဘများကဝယ်ပေးတာလည်းရှိတယ်။ ကိုယ့်သားသမီးတွေအတွက်ပေါ့။ အဘက်ဘက်ကနေရတဲ့ အလှူငွေနဲလည်းရရင်ရသလို မှာပြီးဝယ်ကြတယ်။ ဗလာ စာအုပ်နှင့်ကျောင်းသုံးအတွက်လိုအပ်တဲ့သင်ထောက်ကူတွေကအစပေါ့'' ဟု ပညာရေး ဘုတ်အဖွဲ့ တာဝန်ခံ Ko John ကဆိုသည်။

ထို့ပြင် သင်ကြားရေးအတွက်ငှားရမ်းထားသည့် လုပ်အားပေးဆရာ/မများကို ဉာဏ်ပူဇော်ခပင် ထောက်ပံ့မှုမပေးနိုင်ခြင်း၊ ကျောင်းသား/သူများအတွက်လိုအပ်သည့် ပုံနှိပ် စာအုပ်၊ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများပြည့်စုံမှုမရှိခြင်း၊ ကျောင်းများအတွက် လိုအပ်သည့်ပရိဘောဂ ရုံးသုံး အသုံးအဆောင်ပစ္စည်းများ၊ စာရွက်စာတမ်းဝယ်ယူရန် ငွေကြေးမတတ်နိုင်ခြင်းနှင့် အင်တာနက်လုံး ဝမရှိသည့် မြို့နယ်ဖြစ်၍ ဆက်သွယ်ရေးခက်ခဲခြင်းစသည့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required