ပါကစ္စတန်တွင် အကြမ်းဖက်မှုကို တိုက်ဖျက်ထားနိုင်သည်ဆိုသည့် စစ်တပ်ခေါင်းဆောင်၏ ပြောကြားမှုက ဖြစ်ရပ်မှန်နှင့် ကွဲလွဲနေ

ပါကစ္စတန်တွင် အကြမ်းဖက်မှုကို တိုက်ဖျက်ထားနိုင်သည်ဆိုသည့် စစ်တပ်ခေါင်းဆောင်၏ ပြောကြားမှုက ဖြစ်ရပ်မှန်နှင့် ကွဲလွဲနေ

ပါကစ္စတန်စစ်တပ်သည် နိုင်ငံတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးကို အောင်မြင်စွာ လုပ်ဆောင်ထားနိုင်သည် ဆိုသည့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာမာ ဂျာဗက်ဒ် ဘာဂျ်ဝါ၏ ပြောဆိုမှုက လက်တွေ့မြေပြင် အခြေအနေနှင့် ဆန့်ကျင်ကွဲလွဲနေသည်။

ပြည်သူများ၏ အပြည့်အဝ ယုံကြည်ထောက်ခံမှုနှင့်အတူ ပါကစ္စတန်စစ်တပ်သည် ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်စုအတွင်း အကြမ်းဖက်ဝါဒ၏ အန္တရာယ်ကို အောင်မြင်စွာ ရင်ဆိုင်တိုက်ဖျက်ထားနိုင်ကြောင်း ဘာဂျ်ဝါက ပြောခဲ့ပြီး စနစ်တကျ စီစဉ်လုပ်ဆောင်သော အကြမ်းဖက်မှုကို နိုင်ငံမှ ပြတ်ပြတ်သားသား အမြစ်ဖြတ် သုတ်သင်သွားမည်ဟု အာမခံပြောကြားခဲ့သလို ယခုကဲ့သို့ ထူးခြားသော အောင်မြင်မှုမျိုးကို တခြား နိုင်ငံ သို့မဟုတ် စစ်တပ် အနည်းအကျဉ်းမျှကသာ ရယူနိုင်သည်ဟု ပြောခဲ့ကြောင်း Geo-politik က ဖော်ပြသည်။

စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါသည် အောက်တိုဘာ ၈ ရက်က ပါကစ္စတန်စစ်တပ် အကယ်ဒမီ (PMA) ၏ ကျောင်းဆင်းပွဲ စစ်ရေးပြအခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် ၎င်း၏ ပြောဆိုချက်နှင့် ဆန့်ကျင်လျက်ဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက် ပါကစ္စတန်ပြည်ထဲရေး ဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်း သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး “အထူးသတိဝီရိယ” ဖြင့် ရှိနေစေရေး တိုက်တွန်းခဲ့သည်။ ထိုမတိုင်မီ ပါကစ္စတန်အစိုးရနှင့် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့အကြား ညှိနှိုင်းဆွေးနွေးမှုများက လက်ရှိအချိန်အထိ အောင်မြင်ခဲ့ခြင်း မရှိသေးပေ။

ထို့ပြင် အယ်လ်ကိုင်ဒါအဖွဲ့ တည်ထောင်သူ အိုစမာ ဘင်လာဒင်သည် ၂၀၁၁ ခုနှစ်က ပါကစ္စတန်၏ အက်ဘော့တာဘတ်မြို့တွင် သုတ်သင်ရှင်းလင်းခံခဲ့ရသည်။ အိုစမာကို ဆက်ခံသည့် အယ်လ်ကိုင်ဒါခေါင်းဆောင် အိုင်မန် အယ်လ် ဂျဝါဟရီသည်လည်း ယခုနှစ် အစောပိုင်းက ကဘူးလ်မြို့လယ်တွင် အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးခဲ့သည်။

ပါကစ္စတန်စစ်တပ်အကြီးအကဲ၏ ယခုမိန့်ခွန်းသည် ၎င်း၏ အမေရိကန်ခရီးစဉ် သွားရောက်သည့် ရက်ပိုင်းအတွင်း တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း လုံခြုံရေး အကဲခတ်များက မှတ်ချက်ပြုသည်။ အမေရိကန်ခရီးစဉ်တွင် ပါကစ္စတန်စစ်တပ်အကြီးအကဲသည် နိုင်ငံခြားရေးမူဝါဒ၊ လုံခြုံရေးကိစ္စများကို ကိုင်တွယ်ရေးနှင့်ပတ်သက်ပြီး သမ္မတ ဘိုင်ဒင်အစိုးရအဖွဲ့မှ အကြီးတန်းအရာရှိများနှင့် တိုင်ပင်ဆွေးနွေးခဲ့ကြောင်း Geo-politik က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly