ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ် တရားသူကြီးချုပ်ဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရ

By The Print
17 October 2022
ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ် တရားသူကြီးချုပ်ဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရ

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် ဗဟိုတရားရုံး၏ တရားသူကြီးချုပ်ဟောင်းတစ်ဦးသည် အောက်တိုဘာ ၁၄ ရက်က ဗလီတစ်ခု၏ အပြင်ဘက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း ရဲများက ပြောသည်။

တိုက်ခိုက်သူများသည် ခါရန်းမြို့ဧရိယာရှိ ဗလီတစ်ခုအပြင်ဘက်တွင် ပြည်နယ်တရားသူကြီးချုပ်ဟောင်း မိုဟာမက် နိုအာ မွတ်စ်ကန်ဇာအီကို ပစ်ခတ်ခဲ့သည့်အတွက် မက်စ်ကန်ဇာအီသည် အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း ခါရန်းရဲစခန်းမှ ရဲမှူး အာဆစ်ဖ် ဟာလင်မ်က Dawn သတင်းစာကို ပြောသည်။

ထို့နောက် တရားသူကြီးချုပ်ဟောင်းကို အနီးအနား ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့သော်လည်း ၎င်းသည် ရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

“ရဲရင့်သော တရားသူကြီး” မွတ်စ်ကန်ဇာအီ သေဆုံးမှုအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်း ဘာလိုချီစတန် ပြည်နယ်ဝန်ကြီးချုပ် မီအာ အဗ္ဗဒူလ် ကူဒူးစ် ဘီဇန်ဂျိုက ပြောကြားသလို ၎င်း၏ တာဝန်ထမ်းဆောင်မှုက “မမေ့နိုင်စရာ” ဖြစ်ကြောင်း ပြောသည်။

“ငြိမ်းချမ်းရေးကို မလိုလားသူများ၏ သူရဲဘောကြောင်သည့် တိုက်ခိုက်မှုများက နိုင်ငံကို ခြိမ်းခြောက်နိုင်မည် မဟုတ်” ဟု ဘီဇန်ဂျိုက ပြောသွားခဲ့သည်။

တရားသူကြီးချုပ်ဟောင်း မွတ်စ်ကန်ဇာအီသည် နိုင်ငံတွင် အတိုးနှုန်း အခြေခံသည့် ဘဏ်စနစ်က ရှာရီယာဥပဒေနှင့် ဆန့်ကျင်နေသည်ဟု ကြေညာခဲ့သော အထင်ကရ ဆုံးဖြတ်ချက်ကို ထွက်ပေါ်စေခဲ့သူ ဖြစ်သည်။

မွတ်စ်ကန်ဇာအီ အသတ်ခံရမှုအတွက် ကွက်တား ဝတ်လုံတော်ရ ရှေ့နေများ အစည်းအရုံး (QBA) ၏ ဥက္ကဋ္ဌ အာဂျ်မဲလ် ခန်း ကက်ကာက ပြစ်တင်ရှုတ်ချသည်။ တရားသူကြီးဟောင်း သေဆုံးမှုအတွက် ပါကစ္စတန်နိုင်ငံသား တိုင်း အလွန် ဝမ်းနည်းစိတ်ထိခိုက်ဖြစ်ခဲ့ကြသည်ဟု ၎င်းက ပြောသည်။

“ဒီ ဖြစ်စဉ်အပေါ် မိမိတို့ အပြင်းအထန် ရှုတ်ချတယ်။ လူသတ်သမားတွေကို အမြန်ဆုံး ဖမ်းဆီး အပြစ်ပေးရပါလိမ့်မယ်” ဟု အာဂျ်မဲလ် ကက်ကာက ပြောကြောင်း Dawn သတင်းစာကို ကိုးကား ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required