STA က စစ်ကောင်စီဒေါက်တိုင်များကို တိုက်ခိုက်ရာတွင် အရပ်သားများပါထိခိုက်မှုရှိ

STA က စစ်ကောင်စီဒေါက်တိုင်များကို တိုက်ခိုက်ရာတွင် အရပ်သားများပါထိခိုက်မှုရှိ

မဇ္ဈိမ။ ။ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် အင်းစိန်ထောင်ပါဆယ်ဌာနပေါက်ကွဲမှုကို လုပ်ဆောင်ခဲ့သည့် Special Task Agency of Burma (STA) အဖွဲ့သည် ယခုနှစ် ဇွန်လ၂၉ မှစ၍ လက်ရှိအချိန်ထိ ငါးလတာကာလအတွင်း တိုက်ခိုက်မှုပေါင်း ကိုးကြိမ်ပြုလုပ်ခဲ့ကြောင်း ၎င်းတို့ ၏ တယ်လီဂရမ် ချန်နယ်မှ ထုတ်ပြန်ထားသည်။

STA သည် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မြောက်ဥက္ကလာပ ၊ မရမ်းကုန်း၊ တောင်ဒဂုံ၊ ကမာရွတ် နှင့် အင်းစိန်မြို့နယ်များတွင် စစ်ကောင်စီလက်အောက်ရှိ ဝန်ထမ်းများနှင့် အဆောက်အဦများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။

ထိုသို့ စစ်ကောင်စီဒေါက်တိုင်များကို ရှင်းလင်းခြင်းနှင့် အဆောက်အဦများကို တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်များတွင် အရပ်သား ထိခိုက်သေဆုံးမှု များရှိသည်ကို တွေ့ရသည်။

“အဲ့ဒီတုန်းက အခြေအနေတွေနဲ့ ပတ်သက်ပြီး ထိခိုက်မှုရှိတဲ့ ပြည်သူတွေ အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ မြေအောက်မစ်ရှင်တွေကတော့ မြေပြင်မှာ အသက်ပေး လုပ်ဆောင်ရတာတွေမို့ အနည်းနဲ့အများ ထိခိုက်မှုအပေါ် ကျွန်တော်တို့အဖွဲ့မှ အဲ့ဒီလို ဖြစ်တာမဟုတ်ပါဘူး။ တော်လှန်ရေးအင်အားစုတိုင်း ကြုံဖြစ်နေတဲ့အရာလို့ သုံးသပ်ပါတယ်” ဟု ထိုသို့စစ်ကောင်စီဒေါက်တိုင်များကို တိုက်ခိုက်ရာတွင် အရပ်သားများ ထိခိုက်မှုများနှင့် ပတ်သက်၍ STAမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့ အောက်တိုဘာ ၁၉ ရက်နေ့တွင် စစ်ကောင်စီအကျဉ်းဦးစီးဌာနက ထောင်မှူးကို သေဒဏ်ပေးသည့်အနေဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်သည် STA က လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ ဖောက်ခွဲမှုကြောင့် အကျဉ်းထောင်ဝန်ထမ်း သုံးဦးနှင့် ‌ထောင်ဝင်စာလာပို့သူ ငါးဦးသေဆုံးကာ ၁၈ ဦးဒဏ်ရာရရှိခဲ့သည်ဟု စစ်ကောင်စီမှ သတင်း ထုတ်ပြန်ခဲ့ပြီး ပါဆယ်ထုတ်အတွင်း လက်လုပ်မိုင်းထည့်ကာ ‌ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲထားသည်။

အဆိုပါဖြစ်ရပ်တွင် စစ်ကောင်စီဘက်မှ တန်ပြန်ပစ်ခတ်မှုများကြောင့် သေဆုံးသူများ ရှိသော်လည်း ပေါက်ကွဲမှုကြောင့် မည်မျှသေဆုံးပြီး စစ်ကောင်စီဘက်မှပစ်ခတ်မှုကြောင့် မည်မျှသေဆုံးသည်ကိုမူ သိရှိရခြင်းမရှိပေ။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့က ကမာရွတ်မြို့နယ် ဟံသာဝတီလမ်းနှင့် ဗဟိုလမ်းထောင့်ရှိ စည်ပင်ရဲဝင်းအတွင်း စစ်ကောင်စီလက်အောက်ခံ ရန်ကုန်မြို့တော် စည်ပင်ဝန်ကြီး ၊ ဥက္ကဋ္ဌနှင့်မြို့တော်ဝန်အဖွဲ့တို့ကို STA က ဖောက်ခွဲတိုက်ခိုက်ခဲ့ရာတွင် စည်ပင်ဝန်ထမ်းနှစ်ဦးနှင့် အရပ်သားနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည် ကိုတွေ့ရသည်။

ဩဂုတ်လ ၃၀ရက်‌နေ့က တောင်ဒဂုံမြို့နယ်၊ ၁၈ကွေ့မှတ်တိုင် လမ်းဆုံတွင် စစ်ကောင်စီတပ်သားများနှင့် ရဲများစီးနင်းလာသည့် Double Cab ကားကိုတိုက်ခိုက်ခဲ့ရာတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးထိခိုက်မှု ရှိခဲ့ကြောင်း ပြောဆိုမှုများ ရှိခဲ့သော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

STAအဖွဲ့ကို မည်သည့်အချိန်က တည်ထောင်ခဲ့သည်ကို မသိရှိရသော်လည်း ယခုနှစ် ဇန်နဝါရီလအတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲမှုအောက်တွင် ပြုလုပ်သည့် ပျံလွှားအောင် စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည်ကို တွေ့ရှိရသည်။

ထို့ကြောင့် STA နှင့် NUG တို့၏ ဆက်ဆံရေးအခြေအနေနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ၎င်းတို့အနေဖြင့် မြေပြင်တွင် တရားဝင်ပူးပေါင်း ဆောင်ရွက်ခြင်း မရှိသကဲ့သို့ ၎င်းတို့အပေါ် MOD က ထောက်ပံ့ပေးခြင်းမျိုးမရှိကြောင်း STA တာဝန်ရှိသူက ဆိုသည်။

“အဲဒီတုန်းက MOD ဘက်က ကျွန်တော်တို့မစ်ရှင်ကို ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းပြီး ဂုဏ်ပြုချင်ပါတယ်လို့ ဆက်သွယ်လာလို့ ထည့်သွင်းခွင့်ပြုလိုက်တာပါ” ဟု STA တာဝန်ရှိက ပြောသည်။

STA ၏ ထုတ်ပြန်ချက်များတွင် ၎င်းတို့သည် မြို့ပြစစ်သည်တော်အဖွဲ့များဖြစ်ကြောင်း၊ မည်သည့်နိုင်ငံရေးအင်အားစု၊ အဖွဲ့အစည်းများနှင့်မှ ပတ်သက်ဆက်နွယ်ခြင်း အလျဉ်းမရှိကြောင်းကို အချက်တစ်ချက်အနေဖြင့် ထည့်သွင်းဖော်ပြလေ့ရှိသည်ကို တွေ့ရသည်။

STAအဖွဲ့နှင့် ကာကွယ်ရေးဝန်ကြီးဌာနအကြား ဆက်ဆံရေးနှင့် ပတ်သက်၍ သိရှိနိုင်ရန် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ဦးနိုင်ထူးအောင်ထံသို့ ဆက်သွယ်မေးမြန်ခဲ့ရာတွင် တစ်စုံတစ်ရာတုံ့ပြန် ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။

STA၏ဖောက်ခွဲမှုနှင့် အတူ ဖြစ်ပေါ်ခဲ့သည့် တိုက်ခိုက်မှုကြောင့် ‌ထောင်ဝင်စာပို့သည့် မိသားစုဝင်များ သေဆုံးရခြင်း နှင့်ပတ်သက်ပြီး မြေအောက်လှုပ်ရှားသူများ၊ တော်လှန်ရေးလှုပ်ရှားသူများက အင်းစိန်ထောင်ပါဆယ်ဌာနအား စစ်ရေးပစ်မှတ် အဖြစ်ထားရှိခဲ့သည့်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း အသီးသီးထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း အင်းစိန်ထောင်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင်သေဆုံးခဲ့ရသော အရပ်သားပြည်သူများ၏ သေဆုံးခဲ့ရခြင်းအကြောင်းအရင်းကို စုံစမ်းလျက်ရှိနေကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

“ဒီကိစ္စက စစ်ကောင်စီလုံးဝ လွှမ်းမိုးတဲ့နေရာ ဖြစ်နေတယ်။ သို့သော် ကျွန်တော်တို့က အမျိုးသာ ညီညွတ်ရေးအစိုးရပေါ့လေ။ ဒီအရာပေါ်မှာ စုံစမ်းဖို့တော့ တာဝန်ရှိတယ်။ ကျွန်တော်တို့ ဆက်လက်ပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု NUG တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်က ပြောသည်။

ယမန်နေ့ အောက်တိုဘာ ၁၉ ရက်နေ့ အင်းစိန် ထောင်တွင်း ပေါက်ကွဲမှုသည် လူမှုကွန်ရက် စာမျက်နှာများတွင် စတင်ပျံ့နှံ့လာခဲ့ပြီး ပါဆယ်လာပို့သည့် မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ရကြောင်း ၎င်းတို့ထဲတွင် ဗကသကျောင်းသား ခေါင်းဆောင်ဟောင်း ကိုဂျိမ်း၏ မိခင်ဖြစ်သူ ပါဝင်သွားကြောင်း သိရှိခဲ့ရသည်။

ထို့နောက် အဖွဲ့အစည်းအသီးသီး၏ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်များ ထွက်ရှိလာခဲ့ပြီး ဖောက်ခွဲမှုပြုလုပ်ခဲ့သည့်အဖွဲ့ကို ပြစ်တင်ဝေဖန်မှုများ ရှိခဲ့သည်။

လူမှုကွန်ရက်ပေါ်တွင် ထိုသို့ဝေဖန်ပြောဆိုမှုများ ရှိလာခဲ့သော်လည်း မွန်းလွဲ ၃နာရီ ၃၀ မိနစ်ခန့်တွင် အင်းစိန်ထောင်ဖောက်ခွဲမှုကို STA က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထောင်မှူးကို သေဒဏ်ပေးသည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သော်လည်း လူထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ တောင်းပန်ခြင်း တစ်စုံတစ်ရာ မရှိခဲ့ပေ။

ထို့ကြောင့် STA အဖွဲ့သည် မြေအောက်လှုပ်ရှားသူများ အစစ်မှန်ဟုတ်မဟုတ် ဝေဖန်ပြောကြားမှုများလည်း ရှိသကဲ့သို့ စစ်ကောင်စီ၏ လုပ်ရပ်လားဟူ၍ သံသယဖြစ်သူ များပင်ရှိခဲ့သည်။

“ထောင်ထဲမှာရှိတဲ့ အရပ်သားတွေ၊ အကျဉ်းသားတွေအပေါ်မှာ ပိုမိုပြီးတော့ ဖိနှိပ်မှုတွေ ဖြစ်လာစေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့များ စနစ်တစ်ခု နည်းဗျူဟာ တစ်ခုအနေနဲ့ အသုံးချပြီးလုပ်ဆောင်တာလား။ ဒါကိုတော့ သံသယဖြစ်မိပါတယ်” ဟု NUG လူ့အခွင့်‌ ရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

STAအဖွဲ့သည် အဖွဲ့တစ်ခုလုံး အဖမ်းခံရလိုက်ကြောင်း မြေအောက်လှုပ်ရှားသူ တချို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းများက ပြောဆိုကြသော်လည်း တိတိကျကျ ဖြေကြားနိုင်ခြင်းမရှိပေ။

”ကျွန်တော်တို့လုပ်ခဲ့တဲ့ မစ်ရှင်တိုင်းမှာ STAအဖွဲ့သားတွေ အဖမ်းခံရတာမျိုးတွေ ယခု အချိန်ထိမရှိသေးသလို လက်တွေ့မြေပြင်မှာလည်း အမှန်တကယ် လှုပ်ရှားနေကြတဲ့ အဖွဲ့ဖြစ်ပါတယ်” ဟု STA၏ တာဝန်ရှိသူက ဆိုသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required