ဟားခါးမြို့ ၆ ရက်တာ တိုက်ပွဲတွင် ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့မှ ၄ ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီ တပ်သား ၂၅ ဦးသေ

ဟားခါးမြို့ ၆ ရက်တာ တိုက်ပွဲတွင် ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့မှ ၄ ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီ တပ်သား ၂၅ ဦးသေ

မဇ္ဈိမ။ ။ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နယ်မြေတွင်ဖြစ်ပွားခဲ့သည့် ခြောက်ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၅ ဦး ကိုသုတ်သင်နိုင်ခဲ့ပြီး ၂၀ ဦးဒဏ်ရာရရှိသွားကြောင်း ချင်းအမျိုးသားတပ်မတော်(CNA)က အောက်တိုဘာ လ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်မှ ၁၈ ရက်နေ့အတွင်း စစ်ကောင်စီတပ်နှင့်ဖြစ်ပွားခဲ့သော တိုက်ပွဲ များတွင် စစ်ကောင်စီတပ်သားများ သေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကာ CNA မှ တပ်သားသုံးဦးနှင့် CDF – Hakha မှတစ်ဦး တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးခဲ့ရပြီး အခြားရဲဘော်တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့မှစတင်၍ ဟားခါးမြို့နှင့် ထန်တလန်မြို့အကြားရှိ သီးမြစ် ချောင်းဘက်သို့ ဟားခါးမြို့မှစစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ချင်းပူးပေါင်း ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီ စစ်ကြောင်းကို ဟားခါးမြို့အနီးနှင့် မြို့တွင်းအပါအဝင် သီတာကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ထန်တလန်မြို့မှ စစ်ကူရန်လာသည့် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့များကို ပူးပေါင်း တပ်ဖွဲ့မှ ကြားညှပ်တိုက်ခိုက်ခဲ့ရာ အထိနာ၍လေကြောင်းပစ်ကူခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

အဆိုပါ ခြောက်ရက်တာတိုက်ပွဲများကို ချင်းအမျိုးသားတပ်မတော် (CNA) ၊ ချင်းပူးပေါင်းကာကွယ်ရေး ကော်မတီ - အထူးတပ်ဖွဲ့ (CJDC) ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ - ထန်တလန် (CDF -Thantlang) ၊ ချင်း ကာကွယ်ရေးတပ်ဖွဲ့ - ဇိုဖေး (CDF – Zophei ) ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ - လောက်သူ (CDF – Lautu ) ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ - မရာ (CDF – Mara)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) CDF – Hakha တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required