ပါကစ္စတန်တွင် ဟိန္ဒူဘာသာဝင် အမျိုးသမီး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရ

By Daily Hunt
17 October 2022
ပါကစ္စတန်တွင် ဟိန္ဒူဘာသာဝင် အမျိုးသမီး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရ

ပါကစ္စတန်နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးခြံတစ်ခု၌ အလုပ်လုပ်နေသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီးတစ်ဦးကို ခြံပိုင်ရှင်နှင့် ကြေးစားလူမိုက်များက ရိုက်နှက်ပြီး အုပ်စုဖွဲ့ အဓမ္မပြုကျင့်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ပန်ဂျပ်ပြည်နယ် ဘဟာဝဲပူလ်မြို့မှ ဟိန္ဒူဘာသာဝင် ခြံအလုပ်သမတစ်ဦး ဖြစ်သည့် ကူဆမ် ဘိုင်သည် အောက်တိုဘာ ၇ ရက်က မြေပိုင်ရှင် မိုဟာမက် အက်ခရမ်ထံ သွားရောက်ပြီး သူမ၏ လုပ်အားခများကို တောင်းယူခဲ့စဉ် အလုပ်ရှင်၏ လူမဆန်ရက်စက်စွာ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။

နောက်တစ်နေ့ မနက်တွင် အက်ခရမ်နှင့် ၎င်း၏ နောက်လိုက် ခြောက်ဦးသည် ကူဆမ် ဘိုင်၏ နေအိမ်ထဲ အတင်း ဝင်လာခဲ့ကြပြီး သူမ၏ မိသားစုဝင်များကို ကြိုးတုပ်ပြီးနောက် သူမကို မိသားစုရှေ့တွင် အုပ်စုဖွဲ့ ရက်စက်စွာ အဓမ္မပြုကျင့်ခဲ့ကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြသည်။

ထို့ပြင် ယခုကိစ္စကို ရဲတိုင်ပါက သူမနှင့် မိသားစုကို သတ်ပစ်မည်ဟု ကျူးလွန်သူများက ခြိမ်းခြောက်ခဲ့ကြောင်း အဓမ္မပြုကျင့်ခံရသူ၏ မိသားစုက ပြောသည်။

သို့သော် ကူဆမ် ဘိုင်နှင့် သူမ၏ မိသားစုသည် အောက်တိုဘာ ၁၀ ရက်တွင် ဘဟာဝဲလ်ပူရ်မြို့ ရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ရာ ရဲများက အမှုဖွင့်ပေးရန် ငြင်းဆန်ခဲ့ပြီး မြေပိုင်ရှင် အက်ခရမ်သည် ဩဇာပါဝါရှိသော နိုင်ငံရေး အဆက်အသွယ်များ ရှိကြောင်းနှင့် အကြီးတန်းအရာရှိအချို့နှင့်လည်း သိကျွမ်းသူဖြစ်ကြောင်း ပြောခဲ့သည်ဟု ပြည်တွင်း မီဒီယာက ဖော်ပြသည်။

ပါကစ္စတန်နိုင်ငံတွင် ဟိန္ဒူဘာသာဝင်များနှင့် အခြား လူနည်းစုများ၏ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်မည်ဟု အစိုးရက ထပ်တလဲလဲ ပြောထားသော်လည်း လူနည်းစု ဟိန္ဒူအသိုင်းအဝိုင်းအပေါ် မွတ်စလင် အစွန်းရောက်ဝါဒီများနှင့် မြေပိုင်ရှင်များ ကျူးလွန်သည့် လူမဆန် ရက်စက်သော တိုက်ခိုက်မှုများက အလွန် ထိတ်လန့်ဖွယ် နှုန်းထားတစ်ခုဖြင့် ဆက်လက် ဖြစ်ပေါ်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required