ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ ခရီးဝေးချီတက်မှုကို တားဆီးနှိမ်နင်းရန် အစိုးရက အသုံးစရိတ် ရူပီးသန်း ၄၀၀ ကျော် ခွဲဝေသတ်မှတ်

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ ခရီးဝေးချီတက်မှုကို တားဆီးနှိမ်နင်းရန် အစိုးရက အသုံးစရိတ် ရူပီးသန်း ၄၀၀ ကျော် ခွဲဝေသတ်မှတ်

ပါကစ္စတန်နိုင်ငံတွင် စီးပွားရေး ကျဆင်းနေသလို အကြီးအကျယ် ထိခိုက်ပျက်စီးစေသော ရေကြီးမှုများ၏ အဆိုးဆုံးသော အခြေအနေနှင့် ရင်ဆိုင်နေရစဉ် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သော အစိုးရသည် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ ခရီးဝေးဆန္ဒပြချီတက်မှုကို ကိုင်တွယ်ရန် အောက်တိုဘာ ၁၀ ရက်က အသုံးစရိတ် ရူပီး သန်း ၄၁၀ ခွဲဝေသတ်မှတ်ပေးခဲ့သည်။

ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ၏ ခရီးဝေးချီတက်မှုတွင် ပါဝင်သူများကို တင်းကျပ်စွာ ကိုင်တွယ်ရန် ရူပီး သန်း ၄၁၀ ကျော် တန်ဖိုးရှိ ကနဦး ဘတ်ဂျက်အသုံးစရိတ်တစ်ရပ်ကို စီးပွားရေး ညှိနှိုင်းဆောင်ရွက်မှု ကော်မတီ (ECC) က အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း The Express Tribune မီဒီယာက ဖော်ပြသည်။

“တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်တဲ့ အသုံးစရိတ်တွေအတွက် ပြည်ထဲရေးဝန်ကြီးဌာနကို အပိုဆောင်း ခွင့်ပြုငွေ ရူပီး ၄၁၀ ဒသမ ၂ သန်းကို ကော်မတီက အတည်ပြုပေးခဲ့ပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။

အသုံးစရိတ် ရူပီး ၄၁၀ သန်းသည် အင်အား ၃၀၀၀၀ ရှိ တပ်ဖွဲ့တစ်ခု တပ်ဖြန့်ခြင်း၊ အဆိုပါတပ်ဖွဲ့ဝင်များ၏ စားရေးသောက်ရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် အကုန်အကျခံခြင်း ၊ အဓိကရုဏ်း နှိမ်နင်းရေး လက်နက်များအတွက် ငွေသုံးစွဲခြင်းနှင့် ဆန္ဒပြသူများကို

ထောက်လှမ်းစောင့်ကြည့်ခြင်း အပါအဝင် ဆန္ဒပြသူများကို ထိန်းသိမ်းကိုင်တွယ်ရန် ကြိုတင်ပြင်ဆင်မှုများအတွက် ခန့်မှန်းကုန်ကျစရိတ်တစ်ရပ် ဖြစ်ကြောင်း The Express Tribune မီဒီယာက ဖော်ပြသည်။

တရားဥပဒေ စိုးမိုးမှု အခြေအနေကို ထိန်းသိမ်းရန်နှင့် ပြည့်စုံလုံလောက်သည့် လုံခြုံရေး အစီအမံများကို အသေအချာ စီစဉ်နိုင်ရန် ခရိုင်ပြင်ပ ဥပဒေစိုးမိုးရေး အေဂျင်စီ အမှုထမ်းအင်အား ၃၀၀၀၀ ကို အစ္စလမ်မာဘတ် မြို့တော် နယ်နိမိတ်အတွင်း အထူးလုံခြုံရေး တာဝန်များထမ်းဆောင်စေရန် ခေါ်ယူမည် ဖြစ်ကြောင်း ECC ကို အသိပေးထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly