အမျိုးသားညီလာခံအပြီးတွင် ရှီကျင့်ဖျင် အသစ်ခန့်အပ်လိုက်သည့် ဗိုလ်ချုပ်ကြီးများ ခက်ခဲသော စစ်ရေးစိန်ခေါ်မှုများကို ရင်ဆိုင်ရဖွယ်ရှိ

အမျိုးသားညီလာခံအပြီးတွင် ရှီကျင့်ဖျင် အသစ်ခန့်အပ်လိုက်သည့် ဗိုလ်ချုပ်ကြီးများ ခက်ခဲသော စစ်ရေးစိန်ခေါ်မှုများကို ရင်ဆိုင်ရဖွယ်ရှိ

တရုတ်သမ္မတရှီကျင့်ဖျင်သည် စစ်တပ်ဖွဲ့စည်းပုံကို ပြောင်းလဲမှုများစွာ လုပ်ဆာင်လိုက်ခြင်းကြောင့် ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက်အမျိုးသားညီလာခံအပြီးတွင် တက်လာမည့် စစ်ဗိုလ်ချုပ်ကြီးများသည် စိန်ခေါ်မှုများကို ရင်ဆိုင်ရဖွယ်ရှိကြောင်း Reuters သတင်းက ဖော်ပြသည်။ တရုတ်အစိုးရသည် အင်အား ၂ သန်းရှိ တရုတ်စစ်တပ်ကို ညွှန်ကြားသော ခေါင်းဆောင်ပိုင်းကို ကျယ်ကျယ်ပြန့်ပြန့် အပြောင်းအလဲလုပ်ထားသောကြောင့် တရုတ်ခေါင်းဆောင်က ကမ္ဘာ့အကြီးဆုံး ခေတ်မီစစ်တပ်အဖြစ် ဖွဲ့စည်းပြီးနောက်တွင် စစ်ကော်မရှင်သစ်သည် ယခင်အဖွဲ့ဝင်များထက် စစ်ရေး အတွေ့အကြုံ နည်းနိုင်ပေသည်။

“ရှီကျင့်ဖျင့်ရဲ့ ‘တိုက်မယ် အနိုင်ယူမယ်’ ဆိုတဲ့ သန္နိဋ္ဌာန်ကို သံယောင်လိုက်တဲ့ စီနီယာစစ်အရာရှိကြီးတွေ အမြောက်အမြားရှိပါတယ်။ ဒါပေမယ့် တရုတ်စစ်တပ်အတွက် အဓိကပြဿနာက စစ်ဆင်ရေးအတွေ့ အကြုံမရှိတာပါပဲ" ဟု ပုဂ္ဂလိက စစ်ရေးလေ့လာသူ အလက်ဇန္ဒားနေးလ်က Reuters သတင်းဌာနသို့ ပြောသည်။

တရုတ်သည် ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း စစ်တပ်ကို တိုးချဲ့ကာ ကွပ်ကဲမှုစစ်ဆင်ရေးများကို ပြုပြင်ပြောင်းလဲခြင်းဖြင့် စစ်တပ်ကို ပိုမိုစွမ်းဆောင်ရည်ရှိစေရန် တင်းကျပ်သောစီမံချက်များ ချမှတ်ခဲ့သလို အရှေ့တောင်အာရှ ပင်လယ်ရေကြောင်းဗဟိုအထိ စစ်စခန်းများတည်ဆောက်ခဲ့သည်။

တရုတ်စစ်တပ်သည် လက်နက်နှင့်ပူးတွဲစစ်ဆင်ရေးများတွင် ချွတ်ယွင်းချက်များရှိနေကြောင်း စင်္ကာပူ S. Rajaratnamနိုင်ငံတကာလေ့လာရေးကျောင်းမှ လုံခြုံရေးဆိုင်ရာပညာရှင် ဂျိမ်းစ်ချားက ပြောသည်။

“ရေရှည်တပ်ဖြန့်မှုအတွက် တရုတ်စစ်တပ်ရဲ့ စွမ်းရည်က အခုအချိန်မှာ အကန့်အသတ်နဲ့ ရှိနေပါတယ်” ဟု ချားကို ကိုးကား၍ Reuters သတင်းတွင် ဖော်ပြထားသည်။ တရုတ်တွင် ရွှေ့ပြောင်းနိုင်သော နျူကလီးယားထိပ်ဖူး ၇၀၀ ရှိပြီး ၂၀၃၀ ခုနှစ်တွင် ၁ ၀၀၀ ရှိလာမည်ဟု မျှော်လင့်ရကြောင်း တရုတ်ခေတ်မီစစ်တပ်ဖွဲ့စည်းခြင်းဆိုင်ရာ ပန်တဂွန်၏နောက်ဆုံး နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရှီကျင့်ဖျင်က ခေတ်မီဆိုရှယ်လစ်နိုင်ငံတည်ဆောက်ရေးအတွက် တရုတ်စစ်တပ်ကို ကမ္ဘာ့အဆင့်မီ စစ်တပ်အဖြစ် အလျင်အမြန်မြှင့်တင်လိုကြောင်း အောက်တိုဘာ ၁၆ ရက်တွင် ပေကျင်း၌ ကျင်းပသော တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် အမျိုးသားညီလာခံတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required