အင်းစိန်အကျဥ်းထောင် ဗုံးပေါက်ကွဲပြီးနောက် ပုသိမ်အကျဥ်းထောင်သို့ ထောင်ဝင်စာပို့ခွင့် ရက်အကန့်အသတ်မရှိ အပိတ်ခံထားရ

အင်းစိန်အကျဥ်းထောင် ဗုံးပေါက်ကွဲပြီးနောက် ပုသိမ်အကျဥ်းထောင်သို့ ထောင်ဝင်စာပို့ခွင့် ရက်အကန့်အသတ်မရှိ အပိတ်ခံထားရ

မဇ္စျိမ။ ။ဧရာဝတီတိုင်း ၊ပုသိမ်အကျဥ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသားများထံသို့ ထောင်ဝင်စာပို့ခွင့် ရက်အကန့်အသတ်မရှိ အပိတ်ခံထားရကြောင်း နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များထံက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်၊ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်အချိန်က အင်းစိန်အကျဥ်းထောင်၊ ထောင်ဝင်စာလက်ခံသည့် နေရာအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ပုသိမ်အကျဥ်းထောင်သို့ ထောင်ဝင်စာပို့ခွင့် ရက်အကန့်အသတ်မရှိ ရပ်ထားခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံအကျဥ်းသားတစ်ဦး၏ မိသားစုဝင်ကပြောသည်။

"မနေ့က အင်းစိန်ထောင်မှာ ဗုံးပေါက်ပြီး၊ မနက် ၁၀ နာရီလောက်မှာတင် ထောင်ဝင်စာလက်ခံတာကို ပိတ်လိုက်တာပါ။ နေ့လယ် ၁၂ လောက်မှာတော့ စစ်ကားနှစ်စီးရောက် လာပြီး ထောင်ဝင်စာပို့ခွင့် ယာယီရပ်နားထားတယ်လို့ စာကပ်သွားတယ်"ဟု ၎င်းကဆိုသည်။

ထောင်ဝင်စာ အပိတ်မခံရမီက ပုသိမ်အကျဥ်းထောင်ရှိနိုင်ငံရေးအကျဥ်းသားများထံသို့ တစ်ပတ်လျှင် သုံးရက် ထောင်ဝင်စာပို့ခွင့်ရခဲ့သည်ဟု သိရပြီး၊ စစ်ကောင်စီလက်အောက်ခံ အကျဥ်းထောင်ဝန်ထမ်းများ သတ်မှတ်ထားသည့် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး နေ့များတွင် ပို့ခွင့်ရခဲ့သည်ဟု ဆိုသည်။

ထိုသို့ ထောင်ဝင်စာပို့သည့်အခါတွင် နိုင်ငံရေးအကျဥ်းသားတစ်ဦးထံသို့ ဟင်းဗူး ငါးဗူးသာပို့ရမည်ဟု ကန့်သတ်ထားကြောင်းနှင့် ထောင်ဝင်စာပို့သူ၏ မှတ်ပုံတင်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ စသည့်ကိုယ်ရေးအချက်လက်များကိုပေးမှသာ ထောင်ဝင်စာပို့ခွင့်ရကြောင်း နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ မိသားစုဝင်က ဆိုသည်။

"ထောင်ဝင်စာပို့နေတယ်ဆိုတာကတော့ ထောင်ထဲမှာ ကျွေးနေတာတွေက အဆင်မပြေလို့၊ ကျွန်တော်တို့မိသားစုဝင်တွေ အထဲမှာစားရတာအဆင်ပြေအောင် ပို့နေတာပါ။ ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်ဆိုတော့လည်း ဘယ်တတ်နိုင်မလဲ ပြန်ဖွင့်တဲ့အထိပဲ စောင့်ရမှာပေါ့"ဟုဆိုသည်။

လက်ရှိတွင် အင်းစိန်ထောင်ဗုံးပေါက်ကွဲမှုကြောင့် မြန်မာ နိုင်ငံအတွင်းရှိ ထောင်အများအပြားကို စစ်ကောင်စီက ထောင်ဝင်စာပို့ခွင့် ရက်အကန့်အသတ်မရှိ ပိတ်ထားသည်ဟု သိရသည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပုသိမ်အကျဥ်းထောင်၌ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသူ ၊အကျဥ်းသား ၄၀၀ နီးပါးရှိနေသည်ဟုသိရပြီး ထောင်တွင်းတရားရုံး၏ ထောင်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသူ ၁၅၀ နီးပါးရှိကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံက သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required