စစ်ကောင်စီ တပ်ရင်းမှူးနှင့် အရာရှိ မူဆယ် ၁၀၅ မိုင်တွင် ပစ်သတ်ခံရ

စစ်ကောင်စီ တပ်ရင်းမှူးနှင့် အရာရှိ မူဆယ် ၁၀၅ မိုင်တွင် ပစ်သတ်ခံရ

ရှမ်းပြည်မြောက်ပိုင်း မူဆယ် (၁၀၅)မိုင်တွင် အောက်တိုဘာ ၁၈ ရက် နေ့လယ် ၁ နာရီကျော်၌ စစ်ကောင်စီတပ်၏ တပ်ရင်းမှူးတစ်ဦးနှင့် အရာရှိတစ်ဦး ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

ပစ်သတ်ခံရသူသည် မူဆယ်မြို့ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း (၄၂၁)၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးအောင်နှင့် အရာရှိတစ်ဦးဖြစ်ပြီး ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA-Muse)က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့ည ၉ နာရီခန့်က PSDA မှ ထုတ်ပြန်ထားသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ပိုးမွှားစီစစ် ရုံးဘေးက ကားပြင်တဲ့ ဝပ်ရှော့ပ်ဆိုင်မှာ သူကားလာပြင်တဲ့အချိန်မှာ သူတို့ လာပစ်သတ်လိုက်တယ်” ဟု ပြောသည်။

၎င်းတို့ ပစ်သတ်ခံရပြီးနောက် ယမန်နေ့ညနေမှ စတင်ကာ စစ်ကောင်စီတပ်က လက်နက် ရမ်းသမ်းပစ်ခတ်နေကြောင်း နောက်ထပ်ဒေသခံတစ်ဦးကလည်း ပြောသည်။

“သူပစ်ခံရပြီးနောက်မှာပဲ ညနေ ၄ နာရီကျော်အချိန်မှာ လက်နက်အသေးသံတွေ ပစ်ခတ်နေကြတယ်။ တဖက်သတ် ပစ်တာလားတော့ မသိဘူး။ ည ၈ နာရီကျော်တဲ့အချိန်မှာ လက်နက်ကြီးတစ်ခါပစ်တယ်။ ဒီနေ့ (၁၀၅)မိုင်မှာ စကစရော ပြည်သူ့စစ်တွေရော စစ်ဆေးရေးတွေ လုပ်နေတယ်”

စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ကလည်း (၁၀၅)မိုင်ထဲ၌ သွားလာစစ်ဆေးနေကြသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။

PSDA လှုပ်ရှားနယ်မြေဒေသတွင် စစ်တပ်၊ ပြည်သူ့စစ်နှင့် Non-CDM ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံးကို ဆက်လက်တိုက်ခိုက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် Non-CDM ဌာနဆိုင်ရာ ဝန်ထမ်းများ ပြည်သူ့အကျိုးပြုလုပ်ငန်းမှလွှဲ၍ ကျန်ဌာနဆိုင်ရာမှ ဌာနလုပ်ငန်းမှ ရပ်ဆိုင်းနုတ်ထွက်ကြရန် ထပ်မံသတိပေးထားသည်။

မူဆယ်ဒေသတွင် စစ်ကောင်စီတပ်၊ ၎င်း၏ လက်အောက်ခံ ပြည်သူ့စစ်နှင့် တအာင်း TNLA၊ ကချင် KIA၊ ရှမ်း SSPP တပ်ဖွဲ့တို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ လှုပ်ရှားရာနယ်မြေဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required