လှိုင်မြို့နယ်တွင် စစ်ကောင်စီတပ် အရာရှိ ၂ ဦး အပါအဝင် ၃ဦး ပစ်သတ်ခံရ

လှိုင်မြို့နယ်တွင် စစ်ကောင်စီတပ် အရာရှိ ၂ ဦး အပါအဝင် ၃ဦး ပစ်သတ်ခံရ

အောက်တိုဘာ ၂၀

ရန်ကုန်(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်၊ ဗဟိုလမ်းနှင့် ပေါင်းစည်းလမ်းထောင့်တွင် ယနေ့ အောက်တိုဘာ ၂၀ ရက် နံနက် ၉ နာရီ ၄၀ မိနစ်ဝန်းကျင်က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် သုံး ဦး ပစ်သတ်ခံရကြောင်းသိရသည်။

ပစ်သတ်ခံရသူများတွင် စစ်ကောင်စီတပ်မှ အရာရှိနှစ်ဦးနှင့် ၎င်းတို့၏ မိသားစုဝင်တစ်ဦး ဖြစ်ကြောင်း ဒေသခံများထံက တဆင့် သိရသည်။

“တစ်ယောက်က စစ်တပ်က စစ်ဗိုလ်။ သူက အရင် ကျွန်တော်တို့ ဆန္ဒပြတော့ ဖြိုခွဲခိုင်းတဲ့အထဲမှာပါတယ်။ မျက်ရည်ယိုဗုံးတွေနဲ့ပစ်တာ။ အဲ့ဒီကောင်မှအဲ့ဒီကောင်ပဲ။ အခုတော့လျော(သေ)သွားပြီ။ နောက်နှစ်ယောက်က သူ့အစ်မလင်မယားလို့ပြောတယ်။ သူတို့ပါ ပါသွားပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သူ သုံးဦးမှာ စစ်ကောင်စီတပ်အရာရှိ ဗိုလ်ကြီးမြင့်ဆွေ၊ စစ်ဗိုလ် အောင်ကိုမင်းနှင့် ၎င်း၏ဇနီး မရတနာဦးတို့ဖြစ်ကြောင်း သတင်းရင်းမြစ်ထံက သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ သုံးဦးမှာ အခင်းဖြစ်ရာနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး သေဆုံးသူများ၏ အလောင်းများကို စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် ရောက်ရှိလာကာ သယ်ဆောင်သွားကြောင်းသိရသည်။

”အခုအချိန်မှာ စစ်တပ်လိုအဖွဲ့အစည်းမပြောနဲ့ အစိုးရရုံးမှာလုပ်တဲ့လူတွေတောင် နယ်ကျော်ပြီးခရီးသွားလို့မရဘူး။ သွားချင်ရင် ရှောင်တခင်တောင် ကြိုတင်ခိုင်းတာ။ အခုလို ခွင့်ရက်နဲ့မိသားစုဆီပြန်လာဖို့ စစ်တပ်လိုနေရာမျိုးက ခွင့်ပြုမှာလားဆိုတာစဉ်းစားရမယ်။ အခုသေတဲ့သူ သုံး ယောက်မှာ နှစ်ယောက်က စစ်တပ်ဘက်က အရာရှိနှစ်ယောက် အကြီးပိုင်း။ တိုက်တိုက်ဆိုင်ဆိုင်ကြီး ရန်ကုန်မှာ လာဆုံဖို့က မဖြစ်နိုင်ဘူး” ဟု သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ ပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ဖြစ်ကြောင်း ယခုအချိန်အထိ ထုတ်ပြန်ထားခြင်းမရှိသလို စစ်ကောင်စီတပ်က လှိုင်မြို့နယ် သံလမ်း နှင့် ဗဟိုလမ်းတို့တွင် အင်းအားအများအပြားဖြင့် ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ဓာတ်ပုံ - ပုံအဟောင်း

စာတည်း။ ။မောင်ကောင်း

#ရန်ကုန်တိုင်း

#လှိုင်မြို့နယ်

#စစ်ကောင်စီတပ်

#အရာရှိ၂ဦး

#ပစ်သတ်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly