စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ပြိုင်၊ မပြိုင် ဆုံးဖြတ်ထားခြင်းမရှိသေးဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးပြော

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ပြိုင်၊ မပြိုင် ဆုံးဖြတ်ထားခြင်းမရှိသေးဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးပြော

October 20

စစ်​ကောင်စီက လာမည့် ၂၀၂၃ ခုနှစ်တွင် ပြုလုပ်မည်ဟု ဆိုထားသည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်၊ မပြိုင်နှင့် ပတ်သက်ပြီး တရားဝင် ဆုံးဖြတ်ထားခြင်းမရှိသေးကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကပြောသည်။

“UECကိုယ်၌က အခုအချိန်အထိ ရွေးကောက်ပွဲ ဘယ်အချိန်မှာ ကျင်းပမယ်။ ဘယ်လိုကျင်းပမယ်ဆိုတဲ့ဟာတွေကို ဘာမှ မထုတ်ပြန်သေးဘဲနဲ့ ပါတီတစ်ခုက မုန့်ဆီကြော် ဘယ်မှာနေမှန်းမသိ နှုတ်ခမ်းနာနေတာမျိုး လုပ်လို့မရဘူး”ဟု ၎င်းက ပြောသည်။

ပြည်သူ့ပါတီက အောက်တိုဘာလ ၁၅ရက်နေ့က နေပြည်တော်တွင် ပါတီရုံးခန်းဖွင့်လှစ်ခဲ့ခြင်းမှာလည်း နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ပါတီကွန်ရက်၊ ပါတီရုံးခန်းများ စသည်တို့ အမြဲတမ်းချိတ်ဆက်နေရန် လုပ်ရိုးလုပ်စဉ်ဖြစ်ပြီး ရွေးကောက်ပွဲနှင့် မသက်ဆိုင်ဟု ၎င်းကထပ်လောင်း ဆိုသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အနိုင်ရပါတီခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့သည့် စစ်‌ကောင်စီ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမည့် ၂၀၂၃ခုနှစ် ဩဂုတ်လအတွင်းရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

တစ်ဖက်တွင်လည်း ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စစ်ခေါင်းဆောင်က ရုရှားနိုင်ငံ RIAသတင်းဌာနနှင့် တွေ့ဆုံရာတွင် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး “ကျွန်တော်တို့ အခုချိန်မှာ ပြောဖို့စောသေးတယ်။ နောက်ထပ်အချိန်လေးလ ငါးလလောက်ကျန်သေးတယ်။ ဒီအပေါ်မှာ အခြေအနေကြည့်ပြီးတော့မှ ဆုံးဖြတ်မှာဖြစ်ပါတယ်”ဟု ထည့်သွင်းဖြေဆိုခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အရေးပေါ်ကာလ သက်တမ်းပြည့်မည်ဖြစ်ပြီး နောက်ထပ်ခြောက်လအတွင်း ရွေးကောက်ပွဲလုပ်ပေးရမည်ဖြစ်သည့်အတွက် အဆိုပါ ပြဋ္ဌာန်းချက်ဘောင်ကို ဝင်အောင် ကြိုးစားလိမ့်မည်ဟုမြင်ကြောင်း ဦးကိုကိုကြီးကပြောသည်။

စစ်ကောင်စီခန့် လူ၊ ကယ်၊ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင် ဦးဆောင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)ကမူ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တိုင်းနှင့် ပြည်နယ်များတွင် ရွေးချယ်ထားပြီးဖြစ်သည်ဟု ဆိုသည်။

“ရွေးကောက်ပွဲလုပ်ဖြစ်၊ မဖြစ် ကျွန်တော်တို့ တစ်တိုင်းပြည်လုံးဆိုတာမျိုးထက် လုံခြုံရေးအရ အခြေအနေပိုပေးမယ့် နေရာမျိုး ကျွန်တော်တို့ Targetထားပြီး ဦးစားပိုပေးမယ့် တိုင်းလေးတွေ ပြည်နယ်လေးတွေ သတ်မှတ်ထားတာလေးတွေရှိပါတယ်”ဟု PPPပါတီ အထွေထွေ အတွင်းရေးမှူး ဒေါက်တာမျိုးဆက်သွေးက ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီစသည့်တိုင်းများနှင့် ရှမ်း၊ မွန်၊ ကရင်စသည့်ပြည်နယ်များတွင် အဓိကထားပြီး ယှဉ်ပြိုင်ရန် စဉ်းစားထားကြောင်း ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပွဲဦးထွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီနှင့် ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီတို့မှာ မဲဆန္ဒနယ် တစ်နေရာမျှ အနိုင်ရရှိခဲ့ခြင်းမရှိချေ။

သူရဦး​ရွှေမန်းဦး​ဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအ​နေဖြင့် ပါတီနိုင်ငံရေးဆက်လက်လုပ်ကိုင်ရန် ဆန္ဒမရှိတော့သည့်အတွက် ပါတီကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ယခု အောက်တိုဘာလ ၁၂ရက်နေ့က အသိပေးခဲ့သည်။

ထို့အပြင် ​ရွေး​ကောက်ပွဲနှင့်ပတ်သက်ပြီး စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဖြစ်လာသည့် ဦးခင်ရီက ရွေးကောက်ပွဲအောင်နိုင်ရေးစီမံချက်များကို ကြိုတင်ရေးဆွဲဆောင်ရွက်သွားရန် အောက်တိုဘာ ၅ရက်နေ့က ပါတီညီလာခံ၌ မိန့်ခွန်းပြောရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့ကမူ စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝ အသိအမှတ်ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ထားကြသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံများလျာထားသတ်မှတ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုထားသည်။

နေပြည်တော်တွင်လည်း ရွေးကောက်ပွဲအတွက်ဟုဆိုကာ ပြီးခဲ့သည့် မေလအတွင်းက ရပ်ကွက်အချို့တွင် အိမ်ထောင်စုစာရင်းများ ဖြည့်ခိုင်းခြင်းများရှိကြောင်း ဒေသခံအချို့က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတ ဒူဝါလရှီးလက စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားရန်လိုပြီး စစ်ကောင်စီက ပြုလုပ်မည့် ၂၀၂၃ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်၊ ဆန့်ကျင်မည်၊ အသိအမှတ်မပြုဘူးဆိုသည့် အဆင့်ထက် ကျော်လွန်စဉ်းစားထားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ရွေးကောက်ပွဲမှာ စစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက်ဖြစ်သည့်အတွက် စစ်ကောင်စီက လာမည့် ၂၀၂၃ခုနှစ်တွင် မဖြစ်မနေ ရွေးကောက်ပွဲ ကျင်းပနိုင်ရန်ကြိုးစားမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။

“သေချာတာတစ်ခုကတော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ တစ်ပြည်လုံးကို လွှမ်းခြုံနိုင်တဲ့ ရွေးကောက်ပွဲတော့ မဖြစ်နိုင်ဘူးဆိုတာ အလွန်သေချာပါတယ်”ဟု၎င်းက ဆိုသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ရွေးကောက်ပွဲ

#ပြည်သူ့ပါတီ

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly