ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါရှိ လုံခြုံရေးအခြေအနေကို စိုးရိမ်ပူပန်ဟု ကာကွယ်ရေးဝန်ကြီး ပြော

ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါရှိ လုံခြုံရေးအခြေအနေကို စိုးရိမ်ပူပန်ဟု ကာကွယ်ရေးဝန်ကြီး ပြော

ပါကစ္စတန်နိုင်ငံတွင် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့၏ ခြိမ်းခြောက်မှုအန္တရာယ် တိုးလာနေစဉ် နိုင်ငံ အနောက်မြောက်ပိုင်းဒေသ၌ တရားဥပဒေစိုးမိုးမှု အခြေအနေ ယိုယွင်းဆိုးရွားလာမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အာဆစ်ဖ်က ထုတ်ဖော်လိုက်သည်။

များမကြာမီက တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှု သိသိသာသာ မြင့်တက်ထားခဲ့သည့် ခိုင်ဘာ ပက်ခ်တွန် ခဝါပြည်နယ်တွင် တရားဥပဒေ စိုးမိုးမှု အခြေအနေတစ်ရပ်ကို ထိန်းသိမ်းရန် ပြည်နယ်အစိုးရတွင် တာဝန်ရှိကြောင်း အာဆစ်ဖ်က ပြောသည်။

“စစ်တပ်ဟာ နိုင်ငံမှာ ငြိမ်းချမ်းရေး ထူထောင်ဖို့ မရေမတွက်နိုင်တဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ပေးအပ်ထားခဲ့ရတယ်” ဟု ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးက ပြောကြောင်း ARY News က အောက်တိုဘာ ၁၀ ရက်တွင် ဖော်ပြသည်။

ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ်၏ တရားဥပဒေ စိုးမိုးမှု အခြေအနေနှင့် စပ်လျဉ်းပြီး လွှတ်တော်၌ ဆွေးနွေးမှုတစ်ခု ပြုလုပ်ရေး ကာကွယ်ရေးဝန်ကြီး အာဆစ်ဖ်က အကြံပြုတိုက်တွန်းခဲ့သည်။

“အရင်ဝန်ကြီးချုပ်ဟောင်းဟာ ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ်မှာ အကာအကွယ် ခိုလှုံမှုရယူထားခဲ့သလို ပြည်နယ်အစိုးရရဲ့ ရင်းမြစ်တွေကို အသုံးချနေတယ်။ ပြည်နယ်အစိုးရတစ်ရပ်လုံးဟာ သူတို့ရဲ့ ခေါင်းဆောင်အတွက် ဩဇာအာဏာ ရရေးအပေါ်မှာပဲ အာရုံစိုက်နေတယ်။ လူပုဂ္ဂိုလ်တစ်ယောက်ဟာ သူ့ရဲ့ နိုင်ငံရေး အကျိုးအတွက် ဘာသာရေးကို အသုံးချနေတယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly