မန္တလေးက စစ်တပ်ဒလန်ဂိုဏ်းချုပ်ဆိုသူ ထပ်မံပစ်ခတ်ခံရ

မန္တလေးက စစ်တပ်ဒလန်ဂိုဏ်းချုပ်ဆိုသူ ထပ်မံပစ်ခတ်ခံရ

မန္တလေး(မဇ္စျိမ)။ ။ မန္တလေးမြို့က သွေးသောက်အဖွဲ့ခေါင်းဆောင်၊ စစ်တပ်ဒလန်ဂိုဏ်းချုပ်ဆိုသူ ချစ်ကိုကို ယနေ့နံနက်ပိုင်းတွင် ဒုတိယအကြိမ် ပစ်ခတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

“ပထမတစ်ကြိမ်ပစ်ခံရတုန်းက မသေဘူး၊ ဒီမနက်လည်း အပစ်ခံရတယ်လို့သူကိုယ်တိုင်လိုင်းပေါ်တင်ထားတယ်၊ လူမထိဘူး ကားအရှေ့ခြမ်းထိတာလို့ပြောတာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ အောက်တိုဘာ ၁၉ ရက် နံနက် ၉ နာရီခန့်က၊ ၎င်းတစ်ဦးတည်းကားမောင်းလာစဉ်၊ အောင်မြေသာစံမြို့နယ် အောင်ပင်လယ်မြို့ပတ်လမ်း၊ ၁၉ လမ်းနှင့် ၂၆ လမ်းကြား၌ ပစ်ခတ်ခံရခြင်းဖြစ်ပြီး၊ လူထိခိုက်မရှိဘဲ ၎င်းစီးလာသည့်ကား အရှေ့ပိုင်းသာ ပျက်စီးသွားကြောင်း သိရသည်။

ပစ်ခတ်မှုနှင့်ပတ်သက်၍ ပုသိမ်ကြီး PDF လက်ချက်ဖြစ်ကြောင်း စစ်အုပ်စုက စွပ်စွဲထားသော်လည်း၊ စွပ်စွဲခံရသည့်ဘက်က ငြင်းဆိုထားသည်။

မဘသဦးဆောင်သူတစ်ဦးလည်းဖြစ်သည့် ချစ်ကိုကိုသည်၊ ပြီးခဲ့သည့်လကလည်း တစ်ကြိမ်ပစ်ခတ်ခံရဖူးပြီး၊ ထိုစဉ်က ၎င်းမသေသေးကြောင်းဆိုပြီး ဖေ့စ်ဘွတ်လူမှုကွန်ရက်ကနေ Live လွင့်ကာ ပြည်သူအား ထပ်မံခြိမ်းခြောက်မှုတို့ ပြုလုပ်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly