နယူးယောက်မြို့တွင် ဒါရိုက်တာ ကိုပေါက်ရိုက်ကူးသည့် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင် ပြသမည်

နယူးယောက်မြို့တွင် ဒါရိုက်တာ ကိုပေါက်ရိုက်ကူးသည့် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင် ပြသမည်

(မဇ္ဈိမ)။ ။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ရုပ်ရှင်ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသည့် “မသောက်မိသော မိုးခါးရေ” (The Road Not Taken) ရုပ်ရှင်ကို အောက်တိုဘာ ၂၂ ရက် နံနက် ၁၁ နာရီမှ ည ၉ နာရီအထိ ခြောက်ပွဲ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ကို နယူးယောက်မြို့ရှိ ၃၄ နှင့် ၃၅ Avenue ကြား၊ ၃၅ လမ်း ပေါ်ရှိ The Zukor Theatre, Kaufman Astoria Studios တွင် ပြသသွားမည်ဖြစ်ပြီး အစီစဉ်ဖြစ်မြောက်ရေးအတွက် Helping hands for Burma နှင့် Spring Myanmar Society အဖွဲ့ နှစ်ဖွဲ့ပူးပေါင်း စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်ကြေးလက်မှတ် တစ်စောင်ကို အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာနှင့် ရောင်းချကာ လက်ရှိတွင် လက်မှတ်အစောင်ရေအားလုံးတစ်ပတ်အတွင်း အကုန် ရောင်းရပြီးဖြစ်ကြောင်း၊ ရရှိလာသော ရန်ပုံငွေများအားလုံးကို ဒါရိုက်တာ ကိုပေါက်ပြုလုပ်နေသော Drone project ကို ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

''လက်မှတ်အစောင်ရေက ၄၄၄ စောင် ရောင်းတာ၊ လက်မှတ်အားလုံး တစ်ပတ်အတွင်း sold out ဖြစ်သွားပြီ။ လက်မှတ် မရသေးတဲ့ လူတွေက ကြည့်ချင်ကြသေးလို့ အခုထိလူတွေက လာလာမေးကြတယ်။ ရုပ်ရှင်ပြပွဲနေ့မှာ ရန်ပုံငွေရဖို့ အထူးအစီအစဉ် တစ်ခုလည်း ရှိပါတယ်။ အားလုံးပါဝင်ပေးကြဖို့ တိုက်တွန်းပြောချင်ပါတယ်။ ကိုပေါက် လုပ်နေတဲ့ Drone project ကို အကုန်လှူမှာပါ။ သူ့ကို ရသမျှ အကုန်ပေးမှာပါ။''ဟု ရုပ်ရှင်ပြသနိုင်ရေး စီစဉ်ရာတွင် ပါဝင်လှုပ်ရှားသူ Naing က မဇ္ဈိမကို ပြောသည်။

ပွဲချိန်များသည့် အတွက် ပွဲမစခင် မိနစ် ၃၀ ကြိုတင်လာရောက်ရန်နှင့် ရုပ်ရှင်ရုံ စည်းမျဉ်းအရ ပြင်ပအစားအစာများ ယူဆောင်ခြင်းမပြုရန်၊ ရုပ်ရှင်ပြသချိန်အတွင်း ဓာတ်ပုံမရိုက်ရန်နှင့် live မလွှင့်ရန် အသိပေးထားသည်။

ထပ်မံ သိလိုသည်များရှိခဲ့လျှင် Helping Hands for Burma- H2B and Spring Myanmar Society chatbox မှာ သွားရောက်မေးမြန်းနိုင်ကြောင်းလည်း ပွဲစီစဉ်သူများက အသိပေးထားသည်။

အဆိုပါ ရုပ်ရှင်ဇာတ်လမ်းတိုကို ဒါရိုက်တာ ကိုပေါက်က တောတွင်း တစ်နေရာတွင် ဖုန်းကင်မရာဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး CDM စစ်ဗိုလ်တစ်ဦး၏ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားခြင်း ဖြစ်သည်။

“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ကို ပြည်ပနိုင်ငံအသီးသီးတွင် ပြသသွားရန် စီစဉ်ထားပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၊ ဩတြေးလျနိုင်ငံ ဆစ်ဒနီမြို့နှင့် ဂျပန်နိုင်ငံ တိုကျိုမြို့တို့တွင်လည်း ပြသခဲ့ပြီးဖြစ်ကြောင်းသိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required