မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့၏ တာဝန်ခံ ကိုသီဟနေစိုး ပလိုင်ကီးလမ်းဆုံတိုက်ပွဲတွင် ကျဆုံး

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့၏ တာဝန်ခံ ကိုသီဟနေစိုး ပလိုင်ကီးလမ်းဆုံတိုက်ပွဲတွင် ကျဆုံး

မဇ္ဈိမ။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ် ပလိုင်ကီးလမ်းဆုံတိုက်ပွဲ၌ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့(MSRO) ၏တာဝန်ခံ ကိုသီဟနေစိုး(ခ)တိုဘီ ကျဆုံးခဲ့ကြောင်း သိရသည်။

ရေးမြို့နယ် အစင်ကျေးရွာအုပ်စု၊ ဇီးဖြူသောင်‌ရွာရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်လမ်းတွင် ရေးမြို့၏ အနောက်မြောက်ဘက် ခုနစ်မိုင်ခန့်ကွာဝေးသော ပလိုင်းကီးကျေးရွာအနီးတွင် အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီ ၃၀မိနစ်အချိန်က စစ်ကောင်စီတပ်များနှင့် ထိ‌တွေ့တိုက်ပွဲငယ်ဖြစ်ပွားခဲ့ရာမှ ရဲဘော်သီဟနေစိုး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း MSROမှ သတင်းထုတ်ပြန်ထားသည်။

" ကိုဒီဃာ ကျွန်တော်ထိသွားပြီတဲ့၊ ဟာ တကယ်ထိသွားတာလားလို့ ကျွန်တော်ပြန်မေးခဲ့တယ်။ ဟုတ်တယ်အကို ဒီမှာတဲ့ သွေးပေနေတဲ့လက်ကလေးနဲ့ ဗိုက်ကိုဖိရင်းပြတယ်။ အားတင်းထား နည်းနည်းဆက်ပြေးရဦးမယ်ပြောတော့ ဒူးထောက်ကျသွားတယ်။ ပြန်ကုန်းထပြီးထပ်ပြေးတယ်။ နောက်ထပ် ငါးလှမ်းလောက်ထပ်လှမ်းပြီး အရုပ်ကြိုးပြတ်လဲကျသွားတယ်တဝီဝီနဲ့ကျည်တွေကြားမှာ အကိုငေးကြည့်ရုံပဲ တတ်နိုင်ခဲ့တယ်ကွာ"ဟု MSRO အဖွဲ့ဝင် ကိုဒီဃာက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

အသက် ၂၄နှစ်အရွယ် ကိုသီဟနေစိုးသည် ရေးမြို့နယ် အစင်ကျေးရွာဇာတိဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို မိသားစုဝင်များထံ ပြန်လည်ပေးအပ်ခြင်းမရှိဘဲ စစ်ကောင်စီမှ ရေးမြို့တွင်ယနေ့သဂြိုလ်လိုက်ကြောင်း သိရသည်။

ကိုသီဟနေစိုးသည် ရေးမြို့နယ် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၏ လူငယ်လုပ်ငန်းအဖွဲ့ ဒုတာဝန်ခံဖြစ်ပြီး အာဏာသိမ်းပြီးချိန်မှစတင်ကာ ကျဆုံးချိန်အထိ စစ်အာဏာရှင်ကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်ခဲ့သူလည်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required