ထိုင်းနိုင်ငံ၌ အလုပ် လုပ်ကိုင်နိုင်ရန် MOU စနစ်နဲ့ ဝင်ရောက်လာတဲ့ မြန်မာ လုပ်သား ၅၇,၀၀၀ ကျော် အထိရှိလာ

ထိုင်းနိုင်ငံ၌ အလုပ် လုပ်ကိုင်နိုင်ရန် MOU စနစ်နဲ့ ဝင်ရောက်လာတဲ့ မြန်မာ လုပ်သား ၅၇,၀၀၀ ကျော် အထိရှိလာ

မဇ္ဈိမ ။ ။ မြန်မာ-ထိုင်း နပ်စပ် မြ၀တီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေး တံတားနှင့် ကော့သောင်း-ရနှောင်း ရေလမ်း ခရီးတို့မှ တစ်ဆင့် ယခုနှစ် မေလမှ စတင်ကာ အောက်တိုဘာလ ၁၆ ရက်နေ့ အထိ ထိုင်းနိုင်ငံအတွင်းသို့ မြန်မာ MOU လုပ်သား ၅၇,၀၀၀ ကျော် ဝင်ရောက် လာခဲ့ကြောင်း မြန်မာအလုပ်သမား သံအရာရှိ ရုံးနှင့် JACBA အဖွဲ့တို့ထံမှ သိရသည်။

နှစ်နိုင်ငံ သဘောတူညီမှု စာချွန်လွှာ MOU စနှစ်ဖြင့် မြန်မာလုပ်သား ၅၇,၀၅၉ ဦးတို့ကို ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများဖြင့် စေလွှတ်ခဲ့သည်ဟု သိရသည်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “အခု MOU စနစ်နဲ့ ရောက်လာတဲ့ မြန်မာအလုပ်သမားတွေ ၈၀ ရာခိုင်နှုန်းလောက်က ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေက ရှာဖွေ ပို့ဆောင်နိုင်ခဲ့ပေမယ့် ကျန်တဲ့ ၂၀ ရာခိုင်နှုန်းလောက်ကတော့ စာချုပ် ချုပ်ဆိုထားတဲ့ အလုပ်နဲ့ ပို့ဆောင်တဲ့ အလုပ်တွေက လွဲနေလို့ အဆင်မပြေတာတွေ ရှိနေတယ်”ဟု ပြောသည်။

လက်ရှိ စေလွှတ်ခဲ့သည့် MOU စနစ် မြန်မာလုပ်သား ၅၇,၀၅၉ ဦးသည် ထိုင်းနိုင်ငံအတွင်းရှိ ပင်လယ်စာ လုပ်ငန်း၊ အထည်ချုပ်စက်ရုံ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းများနှင့် လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် တရားဝင် အလုပ်သမား စေလွှတ်ရေး လုပ်ငန်းစဉ်တွင် သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာန၏ သတ်မှတ် ဝန်ဆောင်ခကြေးမှာ ကျပ်သုံးသိန်းသာ ဖြစ်သော်လည်း လက်တွေ့တွင် အလုပ်သမား တစ်ဦးလျှင် ကျပ် ၁၃ သိန်းမှ ၁၈ သိန်းအထိ ကုန်ကျပေးဆောင်နေရကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

ထိုအပြင် အခုလို MOU စနစ်ဖြင့် အလုပ်သမားများ တရားဝင်နည်းလမ်းများဖြင့် ထိုင်းနိုင်ငံ အတွင်းသို့ ဝင်ရောက်နေသော်လည်း တစ်ဖက်တွင် ကျပ် ၁၅ သိန်းမှ ၃၀ ကျော် ၄၀ အထိ ပေးဆောင်ပြီး လူပွဲစားများနှင့် ထိုင်းနှင့် မလေးတို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသားများလည်း နေ့စဉ် ဖမ်းဆီးခံနေရကြောင်း မြန်မာ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required