ဆွေးနွေးမှုလုပ်မည်ဆိုပါက စစ်အာဏာရှင် ပြုတ်ကျရေး ဆွေးနွေးမှုကိုသာ လိုချင်သည်ဟု KNU ပြောခွင့်ရ ပုဂ္ဂိုလ်ပြော

ဆွေးနွေးမှုလုပ်မည်ဆိုပါက စစ်အာဏာရှင် ပြုတ်ကျရေး ဆွေးနွေးမှုကိုသာ လိုချင်သည်ဟု KNU ပြောခွင့်ရ ပုဂ္ဂိုလ်ပြော

အောက်တိုဘာ ၁၉

ဆွေးနွေးမှုလုပ်မည်ဆိုပါက စစ်အာဏာရှင် ပြုတ်ကျရေး ဆွေးနွေးမှုကိုသာ လိုချင်သည်ဟု KNU ပြောခွင့်ရ ပုဂ္ဂိုလ် ဖဒိုစောတောနီးက ပြောသည်။

RCSS က တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးလိုသည်ဟု ကြေညာထားခြင်းအပေါ် KNU ပြောခွင့်ရပုဂ္ဂိုလ်က People Spring မီဒီယာနှင့် တွေ့ဆုံစဉ် ပြောကြားထားခြင်း ဖြစ်သည်။

"ဒီနေ့ ဒီအချိန်ကာလမှာ ကျွန်တော်တို့နဲ့ ဆွေးနွေးမယ်ဆိုရင် စစ်အာဏာရှင်စနစ်ကို ကျဆုံးစေမယ့် ဆွေးနွေးမှုကိုပဲ ကျွန်တော်တို့လိုချင်တယ်။ ဒါကကျွန်တော်တို့ မူဝါဒ ထုတ်ပြောတာလည်း ရှင်းပြီးသားပါ" ဟု KNU ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

လက်ရှိအခြေအနေများအရ ဖြစ်သင့်သည့်အခြေအနေမှာ ပြည်သူနှင့်အတူ လက်တွဲပြီး စစ်အာဏာရှင် ဖြုတ်ချရေးကိုသာ ပြုလုပ်ရမည်ဟု ဖဒိုစောတောနီးက ထောက်ပြသည်။

"တော်လှန်ရေးအဖွဲ့အစည်းတွေက နိုင်ငံရေးအလုပ်လုပ်နေတဲ့ သူတွေပဲလေ။ အဲဒါကြောင့်မို့လို့ နိုင်ငံရေးရဲ့အသွားအလာကို သိသင့်တာပေါ့။ ဒီလောက်ထိမှ နိုင်ငံရေးအသွားအလာက အဖြူလား အမဲလား မသိဘူးဆိုရင်တော့ ကျွန်တော်တို့က သိပ်ပြီးတော့ ရှင်းပြစရာမလိုဘူးလေ။ အဲဒါကြောင့် ကိုယ့်ရဲ့အဆင့်ကို ဖော်ပြတာပဲလို့နားလည်တယ်" ဟု ၎င်းကဆက်လက်ပြောကြားသည်။

ကရင်အဖွဲ့အစည်းများကြားတွင်လည်း ဆက်လက်ဆွေးနွေးရမည့်အဖွဲ့များရှိကြောင်း၊ အဓိကအချက်မှာ စစ်အာဏာရှင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိရန်ဖြစ်သည်ဟု ဖဒိုစောတောနီးက ပြောသည်။

"စစ်အာဏာရှင်တွေနဲ့ သွားပေါင်းနေသမျှ ကျွန်တော်တို့က ဆက်ပြီး အလုပ်လုပ်ဖို့ အရမ်းခက်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့နဲ့ ဆွေးနွေးမယ်ဆိုရင် ဘာသွား ဆွေးနွေးချင်တာလဲ။ စစ်အာဏာရှင်တွေနဲ့ သွားပြီး ဆွေးနွေးမယ့် အလုပ်မျိုးက ဘယ်လိုမှ အလုပ်မဖြစ်ဘူးဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောထားပြီးသား" ဟု ပြောခွင့်ရပုဂ္ဂိုလ်က ဆက်ပြောသည်။

နိုင်ငံတကာက စစ်ရေးထောက်ကူမှု မရှိသေးသည့်တိုင် ပိတ်ဆို့အရေးယူမှုများရှိသဖြင့် ပြည်သူများအနေဖြင့် စိတ်ဓာတ်မကျရန် KNU ပြောခွင့်ရ ပုဂ္ဂိုလ်က ဆက်ပြောသည်။

"လူထုကတော်တော်လေးကို ကြပ်ကြပ်တည်းတည်းဖြစ်နေတာ ကျွန်တော်တို့ ကိုယ်ချင်းစာတယ်။ နောက်ပြီး စစ်ရေးအခြေအနေ ဖြစ်လာတဲ့အခါ ပိုပြီး ဒုက္ခရောက်တာပေါ့။ ပြေးလွှားနေရတာ သန်းနဲ့ချီ ပြီး ဖြစ်လာတဲ့အခါ ကျွန်တော်တို့ မကြုံဖူးအောင် ဖြစ်လာတဲ့အခါ အများကြီးကိုယ်ချင်းစာတယ်။ သို့သော်ငြားလည်း ကျွန်တော်တို့ လျှော့လို့မရဘူးလို့ အားပေးချင်တယ်။ လူထုက ဆက်ပြီး တိုက်ပွဲဝင်ရမှာ။ နိုင်ငံတကာက ကိုယ့်ဘက်ကို ဒီလောက်တောင် အင်နဲ့အားနဲ့ကို စစ်ရေးအရ မထောက်ပံ့နိုင်သေးသည့်တိုင် တခြားဘက်မှာ ထောက်ပံ့နေတာတွေရှိတယ်။ သံခင်းတမန်ခင်းရော စီးပွားရေးပိတ်ဆို့မှုရော နိုင်ငံရေးဘက်မှာ ကျွန်တော်တို့ဘက်မှာရှိနေတဲ့အခါကျတော့ ကိုယ့်ဘက်က စစ်ရေးဘက်မှာ အားသွန်ခွန်စိုက် ရှိတဲ့အားနဲ့ ဆက်တွန်းရမှာပဲ။ အဲဒါကြောင့် ဘယ်လိုမှ စိတ်ဓာတ်ကျစရာမရှိဘူး" ဟု ၎င်းကဆက်လက် ပြောကြားသည်။

တော်လှန်ရေး အောင်မြင်မှုမှာ လူထုပါဝင်မှုအပေါ် အများကြီး မူတည်ကြောင်း၊ တော်လှန်ရေးအဖွဲ့များအား ရန်သူထံ ထိုးအပ်မည့် ပြည်သူများမဟုတ်သည်ကို ယုံကြည်ထားကြောင်း၊ လေကြောင်း တိုက်ခိုက်မှုများကို တတ်နိုင်သမျှ အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်ရမည်ဟု KNU ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#KNU

#စစ်ကောင်စီတပ်

#တိုက်ခိုက်မှု

#စစ်အာဏာရှင်ပြုတ်ကျရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required