အမှည့်ခြွေ ခံနေရသည့် စစ်ကောင်စီတပ် လုံးပါးပါးလာပြီဟု KNU ပြောခွင့်ရပုဂ္ဂိုလ်ဆို

အမှည့်ခြွေ ခံနေရသည့် စစ်ကောင်စီတပ် လုံးပါးပါးလာပြီဟု KNU ပြောခွင့်ရပုဂ္ဂိုလ်ဆို

အောက်တိုဘာ ၁၉

အမှည့်ခြွေ ခံနေရသည့် စစ်ကောင်စီတပ် လုံးပါးပါးလာပြီဟု KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက People spring နှင့် အင်တာဗျူးတွင် ပြောကြားသည်။

"ရှင်းရှင်းပြောရရင် ခပ်ရိုင်းရိုင်းပြောရမယ်ဆိုရင်တော့ ခွေးကထန်းလျက်ခဲလျက်သလိုပဲ တဖြည်းဖြည်းနဲ့ စစ်တပ်တွေက လုံးပါးပါးပြီး တစ်နေ့တခြား ကျွန်တော်တို့က အမှည့်ခြွေတယ်။ တစ်ဖက်က သူ့လူတွေ ထွက်ပြေးတယ်ဆိုတော့ ကုန်ပြီလေ။ အဲဒီ သူတို့ တပ်မ သုံးခုက အသံကို မကြားရတော့တာ" ဟု ဖဒိုစောတောနီးက ပြောသည်။

စစ်ကောင်စီတပ်က ဒူးပလာယာခရိုင်အတွင်း တပ်မသုံးခုပေါင်း ထိုးစစ်ဆင်လာမှုတွင် ပါလာသည့်အရေအတွက်ကို ဥပမာပေးကာ ဖဒိုစောတောနီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

"နောက်ဆုံး မိုးတွင်းမှာ သူမရှောင်ဘဲ ထိုးစစ်ဆင်လာတဲ့အခါ ဒူးပလာယာခရိုင် တပ်မဟာ(၆)ထဲ သူထိုးလာတဲ့အခါမှာ တပ်မ သုံးခုနဲ့ တခြားတပ်တွေပေါင်းလိုက်မှ သူတို့ အင်အားက တစ်ထောင်ကျော်လေးပဲရှိတယ်ဆိုတော့ ဘယ်လိုမှ အလုပ်မဖြစ်တော့ဘူးလေ" ဟု ၎င်းကဆက်ပြောသည်။

ထို့ပြင် တိုက်ပွဲများတွင်လည်း ယခင်က ဖမ်းမိခဲ့သည့် သုံ့ပန်းအရေအတွက်ထက် ပိုမိုများပြားလာကြောင်း ဖဒိုစောတောနီးက ဆက်ပြောသည်။

"စခန်း ဘယ်လောက်သိမ်းသလဲဆိုတော့ ကျွန်တော်တို့ အတိအကျပြောဖို့တော့ ခက်တယ်။ စခန်းက ဆယ်ဂဏန်း အထက်မှာပဲလေ။ မနေ့(အောက်တိုဘာ ၁၆ရက်)တုန်းကပဲ ဖြတ်တိုက်ခံရတာ သူ့စစ်ကြောင်းမှူးတွေကအစ အကုန်လုံး အလဲလဲ အကွဲကွဲနဲ့ ၂၀ နီးပါး အဖမ်းခံခဲ့ရတယ်။ အဲဒီလို ပွဲမျိုးက ထပ်ခါထပ်ခါ ဖြစ်လာတယ်။ ကျွန်တော်တို့ လက်ထဲမှာ အရင်က မရှိခဲ့ဖူးတဲ့ သုံ့ပန်းတွေ ဖမ်းနိုင်တဲ့ အရေအတွက်တွေက အရမ်းများလာတယ်။ ဒါတွေက လက်ရှိ ပကတိပဲ" ဟု ၎င်းကဆိုသည်။

KNU နှင့် တိုက်ပွဲ ဖြစ်ပွားမှုမှာ အာဏာမသိမ်းမီကတည်းက ဖြစ်ခဲ့ကြောင်း၊ အပစ်အခတ်ရပ်စဲရေးကို မြန်မာစစ်တပ်က ဂရုမစိုက်ဘဲ ဖောက်ဖျက်မှုများရှိသဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း KNU ပြောခွင့်ရပုဂ္ဂိုလ်က ဆက်ပြောသည်။

"အထူးသဖြင့်တပ်မဟာ(၃)နဲ့ တပ်မဟာ(၅)ထဲမှာ။ ဘာဖြစ်လို့လည်းဆိုရင်သူတို့က အပစ်အခတ်ရပ်စဲရေးကို လုံး၀ ဂရုမစိုက်ဘဲ မလိုက်နာဘဲ သဘောတူညီချက်ကို ဖောက်ဖျက်ပြီး ကားလမ်းတွေ ဖောက်လာကတည်းက တိုက်ပွဲတွေအများကြီး ဖြစ်နေပြီ။ ဒါပေမဲ့ ကျွန်တော်တို့ တတ်နိုင်သလောက် ထိန်းသိမ်းတယ်။ ဒါပေမယ့် နောက်ဆုံး လုံး၀ ဂရုမစိုက်ဘဲ စစ်အာဏာ ထသိမ်းတဲ့အခါ ကျွန်တော်တို့ နယ်မြေဒေသ အသီးသီးမှာ သူ့ကို ခံချပြီ" ဟု ၎င်းက ပြောသည်။

လတ်တလောတွင်လည်း KNU ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် KNU အဖွဲ့၊ PDF တပ်ဖွဲ့များ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ပုံစာ - မြဝတီ - ဝေါ်လေ လမ်းမပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို Cobra စစ်ကြောင်းမှ သိမ်းဆည်းရမိစဉ်

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#စစ်ကောင်စီတပ်

#KNU

#တိုက်ပွဲဖြစ်ပွါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly