အိန္ဒိယမှ လူငယ် ၂ ဦး တရုတ်နယ်စပ်အနီးတွင် ပျောက်ဆုံးနေ

အိန္ဒိယမှ လူငယ် ၂ ဦး တရုတ်နယ်စပ်အနီးတွင် ပျောက်ဆုံးနေ

အိန္ဒိယနိုင်ငံ အာရူနာချားလ်ပြည်နယ်မှ လူငယ် ၂ ဦးသည် တရုတ်နယ်စပ်အနီးတွင် ဆေးဖက်ဝင်အပင်များရှာရန် ထွက်သွားပြီးနောက် အိမ်သို့ ပြန်ရောက်မလာခဲ့ပေ။

ဘာတေလမ်တစ်ရိုနှင့် ဘာရင်ဆိုမန်ယူတို့သည် အန်ဂျောခရိုင် ချာလာဂန်ရွာသို့ ဩဂုတ် ၁၉ ရက်က ထွက်ခွာသွားခဲ့သော်လည်း မိသားစုဝင်များက အောက်တိုဘာ ၉ ရက်မှ ရဲစခန်း၌ လူပျောက်တိုင်တန်းခဲ့သည်။ လူငယ် ၂ ဦးစလုံးသည် ဂိုအီလျန်ရွာမှဖြစ်သည်။

ဆွေမျိုးများက လူငယ်နှစ်ဦးကို ရှာ၍မတွေ့တော့မှ လူပျောက်တိုင်ခဲ့ခြင်းဖြစ်သည်။ ဒေသခံများက ဩဂုတ် ၂၄ ရက်တွင် ၎င်းတို့နှစ်ဦးကို နောက်ဆုံးတွေ့သည့်နေရာကို အလေးထားရှာဖွေခဲ့ကြသည်။

“သူတို့က တရုတ်နိုင်ငံဘက်ကို အမှတ်တမဲ့ ကျော်ဝင်သွားနိုင်တယ်လို့ သံသယရှိတာကြောင့် ရဲကို အကူအညီတောင်းခဲ့ပါတယ်” ဟု တစ်ရို၏မိသားစုဝင်တစ်ဦးက ပြောသည်။

ယောကျ်ားလေးများသည် ဆေးဖက်ဝင်အပင်များရှာရန် နယ်စပ်ဒေသသို့သွားပြီးနောက် ပျောက်ဆုံးနေကြောင်း အောက်တိုဘာ ၉ ရက်က တိုင်ကြားချက်ရရှိထားသည်ဟု အန်ဂျောခရိုင် ရဲမှူး ရီကီကမ်စီက ပြောသည်။

“လူငယ်တွေက နယ်စပ်နားက အိန္ဒိယပိုင်နက်အတွင်းက တစ်နေရာရာမှာ ခိုလှုံနေလောက်ပါတယ်။ ဂိုအီလျန်ရွာကနေ အဲဒီကို ခြေလျင်လျှောက်ရင် ၁၂ ရက်လောက်ကြာတယ်” ဟု ရဲမှူးကမ်စီက ဆိုသည်။

ဇန်နဝါရီလက အာရူနာချားလ်ပြည်နယ် ဆီအန်ခရိုင်မှ မီရမ်တာရွန်အမည်ရှိ လူငယ်တစ်ဦးသည် နယ်စပ်အနီးတော်အုပ်တစ်ခုတွင် ဆေးဖက်အပင်ရှာထွက်ရင်း တရုတ်နိုင်ငံထဲသို့ အမှတ်မထင် ဖြတ်ကျော်ခဲ့သည်။ တရုတ်စစ်သားများက ၎င်းလူငယ်ကို ဖမ်းဆီးခဲ့သည်။ အိန္ဒိယဘက်မှ အဆင့်မြင့်တာဝန်ရှိသူများက အမှုကို ကိုင်တွယ်ပြီးနောက် ရက်ပိုင်းအကြာ၌ လူငယ်မှာ ပြန်လွတ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly