ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ထက်နှင့် ဂျက်စတင်မင်းဟိန်းတို့ ရေကြည်အိုင်စစ်ကြော ရေးတွင် ရက်၂၀ ကျော်ကြာ ရောက်ရှိနေ

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ထက်နှင့် ဂျက်စတင်မင်းဟိန်းတို့ ရေကြည်အိုင်စစ်ကြော ရေးတွင် ရက်၂၀ ကျော်ကြာ ရောက်ရှိနေ

အောက်တိုဘာလ ၁၈ ရက်

LGBT Union Mandalay ၏ ဥက္ကဋ္ဌဖြစ်သူ ဂျက်စတင်မင်းဟိန်းနှင့် လူငယ်များသမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ ကိုဇော်ထက်တို့သည် လက်ရှိအချိန်ထိ ရေကြည်အိုင်စစ်ကြောရေးစခန်းတွင် ရောက်ရှိနေဆဲ ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့တွင် ၎င်းတို့နှစ်ဦးအပါအဝင် လူငယ်ခြောက်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရပြီး၂၂ ရက်ကြာမြင့်သည့်အထိ စစ်ကြောရေးတွင်ရှိနေဆဲဖြစ်ကြောင်း LGBT Union Mandalay ၏ ယာယီအုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူ မစောဟန်နွေဦးက ဆိုသည်။

“ အစ်မတို့သိတာက ကိုဇော်ထက်ရယ်၊ ဂျက်စတင်မင်းဟိန်းရယ်က ရေကြည်အိုင်စစ်ကြောရေးမှာ အခုထိ ရှိနေသေးတယ်လို့သိရတယ်” ဟု မစောဟန်နွေဦးကဆိုသည်။

၎င်းနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ကျန်လေးဦးမှာ သက်ဆိုင်ရာရဲစခန်းများတွင်ရှိနေကြကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။

ကိုဇော်ထက်သည် ရန်ကုန်မြို့တွင်းရှိ ဒီမိုကရေစီအရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့ပြီး အကြမ်းမဖက်ဆန္ဒပြလှုပ်ရှားခဲ့သူတစ်ဦးဖြစ်သည်။

၎င်းသည် ကျန်းမာရေးမကောင်းသူတစ်ဦးဖြစ်ပြီး ပုံမှန်ဆေးသွင်းနေရသူတစ်ဦးဖြစ်ပြီး ဆေးဝါးကုသမှု မရ သည့်အတွက် အသက်အန္တရာယ် စိုးရိမ်ပူပန်နေကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ပြီးခဲ့ သည့် အောက်တိုဘာလ ၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ကိုဇော်ထက်နှင့်အတူဖမ်းဆီးခံထားရသည့် ကိုဂျက်စတင်မင်းဟိန်းမှာ မန္တလေးမှ LGBT အရေးနှင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှား သူတစ်ယောက်ဖြစ်ပြီး လိင်စိတ်ခံယူမှုကွဲပြားသည့်အတွက် ပိုမို နှိပ်စက်ခံနေရနိုင်ကြောင်း မစောဟန်နွေဦးက ပြောသည်။

“ သူက LGBT ဖြစ်တယ်ဆိုတာ သိသာတယ်။ သူ့ကို ဒီဖြစ်တည်မှုနဲ့ ပိုပြီးတော့ လှောင်စရာ ပြောင်စရာ နှိပ်စက်စရာတော့ ဖြစ်မယ်လို့တော့ အစ်မထင်တယ်” ဟု ၎င်းကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သည် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် ၎င်းတို့အား ဆန့် ကျင်သူများကိုဖမ်းဆီးပြီး စစ်ကြောရေးစခန်းများသို့ပို့ဆောင်ကာ ပုံစံအမျိုးမျိုးဖြင့် နှိပ်စက်လေ့ရှိသည်။ ၎င်းတို့၏စစ်ကြောရေးစခန်းများအတွင်း သတင်းပျောက်ဆုံးသွားသူများနှင့် အသက်သေဆုံးသူများလည်း ရှိခဲ့သည်။ ထို့ကြောင့် ကိုဇော်ထက်နှင့် ဂျက်စတင်မင်းဟိန်းတို့အတွက် ၎င်းတို့နှင့်နီးစပ်သူများက စိုးရိမ် ပူပန်နေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကျူးလွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ အောက်တို ဘာလ ၁၇ ရက်နေ့အထိ အပြစ်မဲ့ပြည်သူ ၁၅၈၇၃ ဦးကို ဖမ်းဆီးခဲ့ပြီး ၂၃၆၁ ဦးကို သတ်ဖြတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ထားသည်။

တည်းဖြတ်။ ။ စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly