ဝက်လက်မြို့နယ် ရွှေပန်းကုန်းကျေးရွာရှိ ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ရာ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာရ

ဝက်လက်မြို့နယ် ရွှေပန်းကုန်းကျေးရွာရှိ ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ရာ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာရ

အောက်တိုဘာလ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာရှိ ရဲစခန်းကို စခန်းသိမ်းတိုက်ပွဲအဖြစ် တိုက်ခိုက်နေစဉ် အသက် ၂၁ အရွယ် တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း 96 Soldiers PDF အညာဒေသတပ်ခွဲထံမှ သိရသည်။

ဝက်လက်မြို့နယ် ရွှေပန်းကုန်းကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးများ အထိုင်ချ တပ်စွဲ ထားသည့် ရဲစခန်းကို အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်အချိန်တွင် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“စခန်းသိမ်းတဲ့ စစ်ရေးလှုပ်ရှားမှုပါ။ ကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့ ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။ ရဲစခန်းကို RPG တွေ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာမှာ သူတို့တော်တော်အထိနာတယ်။ အဲဒီနောက်မှာ စစ်ကောင်စီတပ်က လေယာဉ်နှစ်စင်းနဲ့ လာရောက်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာပါ” ဟု 96 Soldiers PDF အညာဒေသတပ်ခွဲမှ ကိုဇေယျာလွင်က မဇ္စျိမကို ပြောသည်။

အပြန်အလှန်ပစ်ခတ်မှု အချိန်တစ်နာရီကျော်ကြာမြင့်ပြီးနောက် စစ်ကောင်စီတပ်၏ လေယာဉ်နှစ်စီး ရောက်ရှိလာကာ မြေပြင်ကို တရစပ်ပစ်ခတ်မှုများပြုလုပ်ခဲ့သည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ် ခွာခဲ့ရပြီး စခန်းကိုသိမ်းယူနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

“လေယာဉ်နဲ့ပစ်တာမှာ ဒေသခံအမျိုးသမီးတစ်ဦး ထိတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ ကျွန်တော် တို့ ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တစ်ဦးကတော့ အပြန်အလှန်ပစ်ခတ်မှုမှာ ကျဆုံးခဲ့တယ်။ တစ်ဦးကတော့

မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရွှေပန်းကုန်းကျေးရွာရဲစခန်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးကာ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။

စစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း ကျဆုံးခဲ့ရသည့် တော်လှန်ရေးရဲဘော်သည် အသက် ၂၁ နှစ်အရွယ်သာ ရှိသေးပြီး 96 Solidiers PDF တောင်ပိုင်းတိုင်းတွင် စတင် သင်တန်းခေါ်ယူစဉ် ကတည်းက ရောက်ရှိလာသူဖြစ်ပြီး အညာဒေသသို့ တပ်ခွဲပြောင်းရွေ့ရာတွင် လိုက်ပါလာသူ ဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကို 96 Soldiers-PDF အညာဒေသတပ်ခွဲနှင့်အတူ ဒေါင်းနီအဖွဲ့၊ မြင်းဖြူရှင်အဖွဲ့၊ တောသား ကြီးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“မနေ့က ရွှေပန်းကုန်းကျေးရွာရဲစခန်းကို လှုပ်ရှားမှုဟာ NUG ရဲ့တစ်နှစ်အတွင်း တော်လှန်ရေးအဆုံး အဖြတ်ဆိုတဲ့စကားလုံးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်” ဟု ကိုဇေယျာလွင်က ဆိုသည်။

ဝက်လက်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိမြို့နယ်များတွင် စစ်ကောင်စီတပ်က အင်အားများစွာ ဖြင့်စစ်ရေးလှုပ်ရှားမှုများဆက်တိုက်ပြုလုပ်နေပြီး လေကြောင်းအသုံးပြုတိုက်ခိုက်မှုများကိုပါ လုပ်ဆောင် နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ထိုသို့ စစ်ကြောင်းထိုး ဖိနှိပ်မှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့ များက နည်းလမ်းမျိုးစုံဖြင့် ခုခံတိုက်ခိုက်မှုများ ပြုလုပ်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများလည်း ရှိနေ သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

ဓာတ်ပုံ - 96 soldiers pdf အညာတပ်ခွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly